မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၃ ဦး ထောင် ၁ လစီချမှတ်ခံရ
DVB
·
September 15, 2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကန် ဝန်ဇင်းကန်ဘောင်ပေါ်မှာ ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်ပြီး သွားလာနေသူ သူရိန်လင်း(ခ)ရခိုင်ကြီး အပါအဝင် ၃ ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ပါတယ်။
မိတ္ထီလာ အမှတ်-၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက “ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို လှည့်ကင်းလှည့်နေတုန်း ဝန်ဇင်းကန်ဘောင်ပေါ်မှာ တွေ့လို့ အရေးယူလိုက်တာပါ” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အချိန်မီထိန်းသိမ်းနိုင်ရေး အရေးကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာခွင့်ပြုချက်မှအပ နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့်ကို ဇူလိုင်လ ၁၅ ရက်နေ့မှာ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မိတ္ထီလာမြို့နယ်မှာ ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို အပြစ်ဒဏ်ချမှတ်ခဲ့တာဟာ စက်တင်ဘာလ ၄ ရက်က ၄ ဦး၊ စက်တင်ဘာ ၈ ရက်က ၆ ဦး၊ အခုအမိန့်ချမှတ်တဲ့ ၃ ဦး အပါအဝင်ဆို စုစုပေါင်း ၁၃ ဦး ရှိပါတယ်။
သတင်း-မောင်မောင်လင်း