ပခုက္ကူမြို့၌ Quarantine ထားရှိသည့် ၂၂ ဦး ကိုဗစ်ရောဂါပိုးမတွေ့
DVB
·
September 13, 2020
မကွေးတိုင်း၊ ပခုက္ကူမြို့ Quarantine ထားရှိတဲ့ ၂၂ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖက်တွေ စစ်ဆေးရာမှာ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ဘူးလို့ သိရပါတယ်။
ပခုက္ကူ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ထားသူတွေကတော့ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး တရုတ်က ၃ ဦး၊ ထိုင်းက ၃ ဦး၊ ရခိုင်က ၁၁ ဦး (ဒုတိယအကြိမ်စစ်ဆေး)၊ ရခိုင်ကပြန်လာတဲ့ ကမ္မမြို့က ၂ ဦး နဲ့ ရန်ကုန်မှာ သင်တန်းတက် ပြန်လာပြီးနောက် Hospital Quarantine ထားရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး နဲ့ စောင့်ကြည့်လူနာ ၁ ဦး၊ စုစုပေါင်း ၂၂ ဦးကို စစ်ဆေးခဲ့တာလို့ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထွန်းအောင်လင်းက ပြောပါတယ်။
“ခုပိုးမတွေ့တဲ့လူတွေက contact တွေ မဟုတ်ဘူး။ ရောဂါရှိတဲ့သူနဲ့ ပတ်သက်ဆက်နွှယ်ဖူးတဲ့ သူတွေလည်း မဟုတ်ဘူး။ သူတို့က နိုင်ငံခြားကနေ ပြန်လာကြတယ်။ ဒါမှမဟုတ် ရခိုင်က ပြန်လာကြတယ်။ ဒါမှမဟုတ် သက်ဆိုင်ရာနေရာ ရောဂါပိုးတွေ့တဲ့နေရာကနေ ပြန်လာကြတယ်။ သူတို့တွေကို သေချာအောင်လို့ဆိုပြီး Quarantine ထားထားတာပါ။ သတ်မှတ်ရက် ၁၄ ရက်ပြည့်အောင်တော့ သူတို့နေရမယ်၊ ပြီးရင်တော့နေရပ်ပြန်လို့ရပါတယ်။”
စက်တင်ဘာ ၈ ရက်နေ့က ဓာတ်ခွဲနမူနာတွေကို ရယူပေးပို့ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အဖြေရရှိခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ပေါ့ဆမှု (လုံးဝ)မရှိဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ပန်ကြားချက်တွေကို တိကျစွာ မပျက်မကွက် လိုက်နာဆောင်ရွက်ကြဖို့ ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ပခုက္ကူမြို့ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာများတဲ့ မြင်းခြံမြို့နဲ့ ထိစပ်နေပြီး မြိုင်မြို့နယ်က ကူးစက်ခံ လူနာ ၁ ဦးလည်း မခုက္ကူပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့ မြင်းခြံမြို့တွေက ပြန်လာသူတွေကို ပခုက္ကူမြို့က ဆရာအတတ်သင် TTC ကျောင်းဝင်းအတွင်း Quarantine စင်တာနဲ့ ရခိုင်နဲ့ နိုင်ငံခြားက ပြန်လာသူတွေကိုတော့ လေယာဉ်ကွင်းဟောင်း နေရာမှာ ထားရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ စက်တင်ဘာ ၁၂ ရက်နေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၁၀ ဦးရှိပြီ ဖြစ်ပြီး ၃ ဦးကတော့ ရောဂါပျောက်ကင်းပြီးဆေးရုံက ဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၂ ရက်နေ့က အတည်ပြုလူနာ ၂ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ခင်ပြည့်စုံဝင်း