မိတ္ထီလာက ကိုဗစ်၁၉ လူနာများနှင့် ထိတွေ့ခဲ့သူ ၂၉ ဦး ရောဂါပိုးမတွေ့
DVB
·
September 13, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦးနဲ့ ထိတွေ့ဆက်စပ်သူ ၂၉ ဦးရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုးမတွေ့ဘူးလို့ သိရပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက “မန္တလေးကို ပို့ပြီး ဓာတ်ခွဲစစ်ဆေးတာ ပိုးမတွေ့ဘူး၊ Negative အဖြေထွက်တယ်။ ပိုးတွေ့လူနာတွေကတော့ မိတ္ထီလာဆေးရုံမှာ ဆေးကုသနေတယ်” လို့ ပြောပါတယ်။
မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဦးအောင်ကြိုင်က “မြို့အဝင်အထွက်တွေ စစ်ဆေးနေရတယ်။ ပိုးတွေ့လူနာနဲ့ ဆက်စပ်သူ ၂၉ ဦးလုံးလည်း Negative ပါ။ အားလုံးလည်း ပို့ဆက်ကျောင်း နဲ့ ဟိုတယ် ၁ ခုမှာ Quarantine ဝင်နေကြတယ်” လို့ ပြောပါတယ်။
မိတ္ထီလာမှာ စက်တင်ဘာလ ၉ ရက်ညက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၄ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေက ပြန်လာတဲ့ လူနာအမှတ် ၁၉၇၃၊ လှိုင်သာယာက မိတ္ထီလာကို လာတဲ့ လူနာအမှတ် ၁၉၇၀၊ ဇနီးဖြစ်သူ လူနာ ၁၉၇၂ နဲ့ သမီးဖြစ်သူ ၁၉၇၁ တို့ဟာ မိတ္ထီလာဆေးရုံ အထူးကုသဆောင်မှာ ဆေးကုသမှုခံယူနေတာလည်း ဖြစ်ပါတယ်။
မိတ္ထီလာဆေးရုံက ပိုးတွေ့လူနာတွေ ကျန်းမာရေးကောင်းကြတယ်လို့ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ ဦးကျော်ကိုကိုက ပြောပါတယ်။
သတင်း-မောင်မောင်လင်း