မကွေးတိုင်းအတွင်း စားသောက်ဆိုင်များ ပါဆယ်စနစ် ရောင်းချရန် ညွှန်ကြား
DVB
·
September 12, 2020
မကွေးတိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပြီး ပါဆယ်စနစ် ရောင်းချဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
ချောက်မြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးနေမန်းက “ပြည်တွင်းကူးစက်မှုလို့ ရခိုင်ပြည်နယ်မှာ ဖြစ်လာတဲ့ ဆင့်ပွားကူးစက်ခံရတဲ့အထဲမှာ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းက ကိုဗစ် ၁၉ ရောဂါကူးစက်သူတွေ ပါဝင်ကြောင်း စိစစ်တွေ့ရှိရလို့ အဲဒီအတွက်ကြောင့် ကူးစက်မှု များပြားလာတယ်။ အဲဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိတဲ့ စားသောက်ဆိုင် (အရက်၊ ဘီယာ၊ ယမကာ) ဆိုင်များအပါအဝင် လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ် ရောင်းချသွားရေး အသိပေးညွှန်ကြားထားပါတယ်”လို့ ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပြီး ဆိုင်ထိုင် စားသောက်ခွင့်ပိတ်ပြီး ပါဆယ်စနစ်သာ ရောင်းချရမှာဖြစ်ပြီး ဆိုင်တွေကိုလည်း လှည့်လည်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ဒေသကြီးအတွင်း ပထမအကြိမ် ကိုဗစ်-၁၉ကာလမှာ မတ်လ ၂၆ ရက်နေ့ကနေ ဇွန်လဆန်းပိုင်းအထိ ပါဆယ်စနစ်သာ ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ကိုလင်း(ချောက်)