မိတ္ထီလာတွင် ရန်ကုန်ကလာသူများကို ကွာရန်တင်းထားသဖြင့် အုပ်ချုပ်ရေးမှူး အရိုက်ခံရ
DVB
·
September 11, 2020
မိတ္ထီလာမြို့မှာ ရန်ကုန် လှိုင်သာယာကနေ လာသူတွေကို အောင်ဇေယျာ အထက်တန်းကျောင်းခွဲမှာ ကွာရန်တင်းထားပြီး ကိုဗစ်-၁၉ ပိုးတွေ့တာကြောင့် မထားစေချင်သူ တွေက အုပ်ချုပ်ရေးမှူးကို ထိုးကြိတ်ရိုက်နှက်ခဲ့လို့ မနေ့က အမှုဖွင့်ထားရတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက သိရပါတယ်။
မိတ္ထီလာအမှတ် (၂)ရဲစခန်း တာဝန်ကျရဲအရာရှိ တစ်ဦးက "ဟုတ်ပါတယ် အမှုဖွင့်ထားပါတယ်။ အုပ်ချုပ်ရေးမှူးကတော့ မိတ္ထီလာဆေးရုံမှာပါ"လို့ ပြောပါတယ်။
လှိုင်သာယာ မီးခွက်စျေးနားမှာ နေထိုင်တဲ့ မိသားစု ၃ ဦးဟာ မိတ္ထီလာမှာ အလှူလုပ်ဖို့ ရောက်ရှိနေတာဖြစ်ပြီး ရန်ကုန်ကလာသူတွေဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက အောင်ဇေယျာ အထက်တန်းကျောင်းခွဲမှာ Quarantine ထားခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ လှိုင်သာယာက လာသူတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက အကြောင်းကြားပါတယ်။
အဲဒါကြောင့် မိတ္ထီလာဆေးရုံကို ပြောင်းရွေ့ထားဖို့ စီစဉ်နေစဉ် မကျေနပ်တဲ့ ဒေသခံ မင်းမင်းစိုးအပါအဝင် ၄ ဦးဟာ အောင်ဇေယျာအထက်တန်းကျောင်းခွဲရှေ့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးနဲ့ အပြန်အလှန်စကားပြောဆိုကြရင်း မင်းမင်းစိုးက စတင် ဆဲဆိုပြီး လက်သီးနဲ့ ထိုးတဲ့အတွက် ကျန်သူတွေကပါ ဝိုင်းဝန်းထိုးကြိတ်ကြတယ်လို့ ရဲစခန်းမှာ တိုင်ချက်ပေး အမှုဖွင့်ထားပါတယ်။
အောင်ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေ (၆၈နှစ်)မှာ သွား ၄ ချောင်းနဲ့တဲ့ ဒဏ်ရာ ၊ လက်သန်းနဲ့ ဦးခေါင်း ပါးတို့မှာ ဖူးရောင်နေပါတယ်။
မိတ္ထီလာအမှတ် (၂)ရဲစခန်းက မင်းမင်းစိုးအပါအဝင် ၄ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် အထိ ပြစ်ဒဏ်ချနိုင်တဲ့ နာကျင်အောင်ပြုလုပ်ပြီး အလုပ်ဝတ္တရားနှောက်ယှက်မှု၊ ဆဲဆိုမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း