မြင်းခြံမြို့က ကျောင်းဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံရ
ညီငယ်
·
September 11, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့က ကျောင်းဆရာမ တစ်ဦးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ မြင်းခြံမြို့က ပရဟိတအဖွဲ့တွေက သိရပါတယ်။
Facility quarantine နဲ့ Hotel quarantine တွေကစောင့်ကြည့်လူနာ ၄၅ ဦးရဲ့ အဖြေတွေအရ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ကျန်တဲ့သူတွေမှာ ရောဂါပိုးမတွေ့ရှိရကြောင်း မြင်းခြံပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရပါတယ်။
သူတို့ ၂ ဦးလုံးမှာ အတည်ပြုလူနာက တဆင့်ကူးစက်ခံရပြီး သူတို့ ၂ ဦးနဲ့ထိတွေ့သူ အယောက် ၆၀ ကျော်ရှိကြောင်း ရင်ဘတ်တူညီနောင်လူမှု ကယ်ဆယ်ရေးက ကိုဝေဖြိုးက ပြောပါတယ်။
မြင်းခြံက ပိုးတွေ့လူနာတွေအားလုံးကို ကန်တော်နဒီဆေးရုံကြီးနဲ့ မြင်းခြံဆေးရုံကြီးတို့မှာ ဆေးကုသမှုပေးနေပြီး၊ သူတို့နဲ့ထိတွေ့သူ တွေကတော့ ၆၀၀ ကျော်အထိရှိပါတယ်။