မိတ္ထီလာတွင် စစ်တွေကပြန်လာသူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ ပိုးတွေ့လူနာ ၄ ဦးရှိလာ
DVB
·
September 11, 2020
မန္တလေတိုင်းဒေသကြီး မိတ္ထီလာမြို့က စစ်တွေကပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တက်ဘာ ၁၀ ရက်နေ့မနက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၉ ရက်ညကတည်းက ရန်ကုန်ကပြန်လာသူ ၁ ဦးရဲ့ ဇနီးနဲ့သမီး ပေါင်း ၃ ယောက်နဲ့ စစ်တွေကပြန်လာသူ ၁ ဦး တို့ကို မိတ္ထီလာဆေးရုံမှာ သီးသန့်ထားပြီး ဆေးကုသပေးနေတာပါ။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက "မိတ္ထီလာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄ ဦးရှိပါတယ်။ မိတ္ထီလာဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ မြို့နယ် အုပ်ချုပ်ရေးကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ နေထိုင်ကြရန်လည်း ထပ်ပြီးနိုးဆော်တဲ့ စာထွက်ထားတယ်" လို့ ပြောပါတယ်။
စစ်တွေမြို့မှာ ဆီဘောက်ဆာကားမောင်းသူဟာ မိတ္ထီလာမြို့နယ် ရေဝေရွာကို စက်တင်ဘာ ၅ ရက်နေ့က ပြန်ရောက်လာပြီး ရေဝေအထက်တန်းကျောင်းမှာ Facility Quarantine ၂၁ ရက်ထားရှိကာ ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိတာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။
မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအသင်း ဦးကျော်ကိုကိုက "မနေ့ညက PPE ဝတ်စုံအပြည့်နဲ့ အောင်ဇေယျာ ရပ်ကွက် သွားရတယ်။ အဲဒီရပ်ကွက်မှာ ရန်ကုန်ကပြန်လာသူရယ်၊ ဇနီးနဲ့ သမီးပေါင်း ၃ ယောက်ကို အသင်းကားနဲ့ပဲ မိတ္ထီလာဆေးရုံပို့ပေးခဲ့ရတယ်။ စစ်တွေက ပြန်လာသူကိုတော့ ဆေးရုံကကားနဲ့ သွားခေါ်တာ သိရတယ်၊ မိတ္ထီလာမှာ ပိုးတွေ့သူ ၄ ဦးပါ "လို့ ပြောပါတယ်။
မိတ္ထီလာအောင်ဇေယျာရပ်ကွက် အထက်တန်းကျောင်းမှာ Quarantine ဝင်နေတဲ့ မိသားစု ၃ ဦးဟာ လှိုင်သာယာမြို့နယ် မီးခွက်စျေးနားမှာ နေထိုင်သူတွေဖြစ်ပြီး စက်တင်ဘာ ၉ ရက်နေ့ ဓာခွဲနမူနာယူ စစ်ဆေးရာမှ ရောဂါပိုးတွေ့ခဲ့တာပါ။
မိတ္ထီလာမြို့နယ်မှာ ရောဂါပိုးတွေ့သူ ၄ ဦးရှိလာတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိတ္ထီလာအခြေပြု ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေ ရပ်နားဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ်ရောင်းချဖို့၊ အိမ်ပြင်ထွက်ရင် Mask တပ်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ စားသောက်ဆိုင်၊ စက်သုံးဆီဆိုင်၊ ဘဏ်၊ ဆေးရုံ ဆေးဆိုင်တွေက လွဲပြီး ကျန်ဆိုင်တွေ မဖွင့်လှစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ဖောက်ဖျက်ကျုးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ -ပြည်သာယာလူငယ် လူမှူကူညီရေးအသင်း