ဗြိတိန် လူငယ်များအကြားတွင် ကိုဗစ်-၁၉ ကူးစက်မှု ပိုတိုးလာ
DVB
·
September 8, 2020
ဗြိတိန်နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှု အဓိကတိုးနေတာဟာ လူငယ်တွေကြားမှာဖြစ်ပြီး ပြင်းထန်ဆိုးရွားတဲ့လက္ခဏာတွေ ပိုတိုးမယ့်ဘေးကို ရင်ဆိုင်နေရတယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ထ်ဟန်းကော့ခ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ဟန်းကော့ထ်က “ကျန်ခဲ့တဲ့ရက်တွေအတွင်း ပိုတိုးလာတဲ့ ကူးစက်ခံဦးရေထဲမှာ ပိုငယ်တဲ့လူတွေ အများအပြားပါတာ ကျနော်တို့ မြင်ရတယ်။ အသက် ၂၅ နှစ်အောက်မှာ ကိုဗစ် ကူးစက်ခံရရင် သေဖို့ ဘေးနည်းတယ်ဆိုပေမယ့် ပြင်းထန်တဲ့လက္ခဏာတွေ နောက်ဆက်တွဲတွေကို တကယ်ကြီး ခံစားရနိုင်သေးတယ်။ ခင်ဗျားကတဆင့် သူများကို ကူးစက်နိုင်သေးတယ်။ လူငယ်တွေ မသေနိုင်လို့ ကူးစက်မှု ပိုတိုးနေပေမယ့် စိုးရိမ်ဖို့ မလိုဘူးလို့ ငြင်းပြောနေတဲ့လူတွေ ရှိနေတယ်။ ပထမဆုံးအနေနဲ့ အင်မတန့် အင်မတန် မကျန်းမမာဖြစ်မယ်။ ဒုတိယအနေနဲ့ ပိုအသက်ကြီးတဲ့လူတွေဆီ သူတို့ကတဆင့် ကူးနိုင်တယ်” လို့ LBC ရေဒီယိုကို ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ပိုတိုးလာတာကို ဗြိတိန်အစိုးရက မထိန်းချုပ်နိုင်တော့မှာ စိုးကြောက်နေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂါးဒီးယန်းသတင်းစာရဲ့ အစီရင်ခံစာကိုလည်း ဝန်ကြီးက ငြင်းပါတယ်။
“စွပ်စွဲချက်က မှားပေမယ့် လူချင်းခွာနေရမယ့် အချက်ကိုတော့ တနိုင်ငံလုံး လိုက်နာဖို့ လိုနေတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတရပ်လုံးအနေနဲ့ ကျနော်တို့ လုပ်နိုင်တဲ့ တခုတည်းသော အရာ ဖြစ်လို့ပဲ။”
ဗြိတိန်မှာ လတ်တလော သီတင်းပတ်တွေအတွင်း တရက်တိုင်းမှာ ကူးစက်ခံ အရေအတွက် တိုးလာပေမယ့် ဆေးရုံရောက်လာတဲ့ လူနာနဲ့ သေဆုံးနှုန်းကတော့ ကျဆင်းနေဆဲပါ။
စက်တင်ဘာ ၆ ရက်နေ့ထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး ကူးစက်ခံ သေဆုံးသူဦးရေဟာ ၄၁,၅၅၁ ယောက် ရှိတယ်လို့ အစိုးရက ပြောပါတယ်။