Home
အနုပညာ
အဆိုတော်အောင်လ၏ Reason အဖွဲ့ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
September 8, 2020
Reason FG
တေးသံရှင် အောင်လ ပါဝင်တဲ့ Reason တေးဂီတအဖွဲ့ရဲ့ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပ သွားဖို့ ရှိနေပါတယ်။ FG Live Lounge အမည်နဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာပါ။ အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မပြေတော့ဘဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။ Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကာ ဩဂုတ် ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကတော့ အမျိုးသမီး တေးသံရှင် ဆုန်သင်းပါရ်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၁၅ ရက်နေ့ကတော့ အဆိုတော် စည်သူလွင်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့တုန်းကတော့ လူငယ်အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ကတော့ အဆိုတော် ဘိုဖြူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတော့ အဆိုတော် ဂရေဟမ်တို့ သားအဖ ၃ ယောက်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာမို့ ခုတပတ်မှာတော့ သီတင်းပတ် ၉ ပတ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Nc 13 အဖွဲ့နဲ့ စတင်အောင်မြင်လာခဲ့တဲ့ အောင်လကတော့ နောက်ပိုင်းမှာ Reason အမည်နဲ့ တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီး “မာတိကာ”၊ “ပင်လယ်ထဲကမြစ်များ”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး အောင်မြင်တဲ့ တေးဂီတအဖွဲ့တဖွဲ့အနေနဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “တောင်းပန်တယ်”၊ “အပြစ်နဲ့အမုန်း”၊ “အကြောင်းပြချက်မရှိ”၊ “ကွက်လပ်”စတဲ့ သီချင်းတွေကတော့ ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားတဲ့ သီချင်းတွေဖြစ်ခဲ့ပြီး သိပ်မ ကြာခင်ကလည်း အဆိုတော် စန္ဒီမြင့်လွင်နဲ့ တွဲဖက်သီဆိုထားခဲ့တဲ့ “ချိန်ခွင်”အမည်နဲ့ သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။     အခုလာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာတော့ တိုက်ရိုက် တင်ဆက်မှုအသွင်နဲ့ သူတို့အဖွဲ့ရဲ့ သီချင်းသီဆိုမှုတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရတော့မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013