ပါတီအလံ၊ တံဆိပ်နှင့် တီရှပ်များ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်း
DVB
·
September 7, 2020
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နီးကပ်လာချိန်မှာ ပါတီအလံတံဆိပ် နဲ့ တီရှပ်အထည်တွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတယ်လို့ တံရိုက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင်အနီးတစ်ဝိုက်က တံဆိပ်ရိုက်လုပ်ငန်းတွေမှာ ပါတီအလံတံဆိပ်နဲ့ တီရှပ်တွေကို ပြည်သူအများစုက လာရောက်ဝယ်ယူတာတွေလည်း ရှိပါတယ်။
လက်ရှိ စျေးကွက်အနေအထားအရ အန်အယ်လ်ဒီပါတီ အလံတံဆိပ်နဲ့ တီရှပ်တွေက အများဆုံးရောင်းနေရတယ်လို့ အောင်သပြေ တံဆိပ်ရိုက်လုပ်ငန်းက ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
တခြားပါတီတွေကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ဖို့အတွက် ပါတီအလံ တံဆိပ်တွေ မှာယူတာတွေ အနည်းငယ်တော့ ရှိတယ်လို့ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း ဆိုပါတယ်။
လတ်တလော တံဆိပ်ရိုက်ဈေးကွက်အတွင်း အများစုမှာယူနေတာကတော့ အန်အယ်လ်ဒီ ပါတီ အလံ၊ တံဆိပ်၊ တီရှပ် အင်္ကျီ၊ ဦးထုပ်၊ ထီး၊ ရင်ထိုး၊ နှာခေါင်းစည်း Mask စတာတွေ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်နေ့မှာ ပါတီအလံလွှင့်ထူဖို့ တိုက်တွန်း ထားတာကြောင့် ပါတီအလံတံဆိပ်တွေ လာရောက်ဝယ်ယူနေကြတယ်လို့လည်း သိရပါတယ်။
အခုချိန်တော့ ကြိုတင်ရိုက်နှိပ်ထားတဲ့ အထည်ပစ္စည်းတွေကို ရောင်းချပေးနေတာဖြစ်ပြီး ကြိုတင်မှာယူရင်တော့ အထည်အရေအတွက်အပေါ် မူတည်ပြီး အချိန် တစ်ပတ်ကြာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။
သတင်း - နန့်ခိုင်