ရခိုင်က အထောက်အထားမဲ့ဝင်လာသူများကို လုံခြုံရေးယူခဲ့သည့် ရဲ ၁ ဦးတွင် ရောဂါပိုးတွေ့ရှိ
DVB
·
September 7, 2020
ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်က တရားမဝင် အထောက်အထားမဲ့ ဝင်ရောက် လာသူတွေကို လုံခြုံရေးယူပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ဖမ်းမိခဲ့ပြီးနောက် ပြန်မပို့မီ ဘက်ရဲဂိတ်အနီး ယာယီကွာရန်တင်းစခန်းပြုလုပ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ လုံခြုံရေးရယူပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"ဒီဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို လုံခြုံရေးရယူခဲ့တဲ့အထဲက ၁ ဦးမှာ ပိုးတွေ့ခဲ့တာပါ၊ ဖမ်းဆီးရာမှ လိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ရောဂါပိုးတွေ့ရှိတာ မရှိပါဘူး။"
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၄၅ ဦး တွေ့ရှိတဲ့ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို လုံခြုံရေးရယူခဲ့တဲ့ ဟင်္သာတမြို့နယ်က ရဲတပ်ဖွဲ့ဝင် ၁ ဦး ပါဝင်လာခဲ့တာပါ။
ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄၂ ဦးကို ရခိုင်ပြည်နယ်ပြန်မပို့ခင် ဘက်ရဲဂိတ်အနီး ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးခဲ့ချိန်မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၈၁၅ မှာ ရောဂါပိုးတွေ့ရှိတာပါ။
လက်ရှိအချိန်မှာတော့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ နေရာကနေ ဟင်္သာတဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသတာတွေ လုပ်ဆောင် ပေးသွားမယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)