Homeမြန်မာသတင်း
ဖျာပုံတွင် ကိုဗစ်လူနာ ၁ ဦးတွေ့၊ ရန်ကုန်တိုင်း Stay Home မြို့နယ်တို့မှ လာသူများ Quarantine ဝင်ရမည်
ဖျာပုံတွင် ကိုဗစ်လူနာ ၁ ဦးတွေ့၊ ရန်ကုန်တိုင်း Stay Home မြို့နယ်တို့မှ လာသူများ Quarantine ဝင်ရမည်
DVB
·
September 6, 2020
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်း Stay Home မြို့နယ် ၇ ခုက လာရောက်သူတွေကို ၂၁ ရက် Quarantine ထားရှိသွားမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ပြောပါတယ်။
ဖျာပုံမြို့မှာ ဒီနေ့မနက်ပိုင်းက စစ်ဆေးရေးဂိတ် ၂ ခု ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်းရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် မြို့နယ်အားကစားမှူး ဦးဝင်းထိန်က ပြောပါတယ်။
ဖျာပုံမြို့နယ် ဖျာပုံတံတားကြီးခြေဆင်း အမှတ် (၃) ရက်ကွက်မှာ စစ်ဆေးရေးဂိတ် အမှတ် ၁ နဲ့ ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက် ချောင်းတွင်းလမ်းမကြီးမှာ စစ်ဆေးရေးဂိတ် အမှတ် ၂ ဖွင့်လှစ်ပြီး မြို့နယ်အတွင်း လာရောက်သူတွေကို ခရီးသွားထောက်ခံစာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှက စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီခွဲ ထုတ်ပြန်ခဲ့တာပါ။
ကျော်စိုးမိုး