ကော့ကရိတ်မြို့အနီး တပ်မတော်နှင့်တိုက်ပွဲဖြစ်သည့်သတင်း မဟုတ်မှန်ဟု DKBA ခွဲထွက်ပြော
DVB
·
September 6, 2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ် ရန်ကုတ်ရွာအနီးမှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ တပ်မတော်နဲ့ ဒီကေဘီအေ ခွဲထွက်တို့ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ ဒီကေဘီကေ ခွဲထွက်အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ကော့ကရိတ်-မြဝတီလမ်းဟောင်း ရန်ကုတ်အနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ ဖြစ်ခဲ့တာမဟုတ်သလို ခေါင်းပုံချတာလို့ ဒီကေဘီကေ ခွဲထွက်အဖွဲ့ တာရှိသူတဦးက ပြောပါတယ်။
“တခုခု ကျနော်တို့ခေါင်းကို ပုံချတာဖြစ်တယ်။ ပြောချင်တာက ထွက်ပေါ်နေတဲ့သတင်းက မဟုတ်ဘူး။ မမှန်ဘူး။ မမှန်တဲ့အကြောင်း ပြည်သူလူထုကို သိစေချင်တယ်။ ကျနော်က အေးဆေးပဲနေတယ်။ တိုက်ပွဲဖြစ်လာရင် ပြည်သူလူထုပဲ ဒုက္ခရောက်မယ်။”
တပ်မတော်နဲ့ ဘီဂျီအက်ဖ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်မဟာ ၇ လက်အောက်ခံအဖွဲ့ကို လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာသား၊ ဦးစောအာဘိုက ပြောပါတယ်။
“ညနေကလည်း ဖြစ်တယ်။ ညကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ခဏေနေတာ့ လက်နက်ငယ်သံတွေပါ ပါလာတယ်။ သေနတ်သံကြားတော့ ရွာသားတွေက မနေရဲတော့ဘူး။ ပြေးရတာပေါ့။”
လတ်တလော တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် အဖြေမပေးနိုင်သေးဘူးလို့ ကော့ကရိတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးစန်းနုက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတည်ပြုနိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဆက်သွယ် မေးမြန်းရာမှာ “ပြောခွင့်မရှိပါဘူး။ ကျနော် ပြောခွင့်မရှိလို့ ပြောလို့မရသေးပါဘူး”လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံရွာသားများ သေဆုံးမှုတွေရှိတယ်လို့ ပြောဆိုနေသလို စစ်ရှောင်ပြည်သူဦးရေစာရင်း အတည်ပြုလို့မရသေးဘူးလို့ သက်ဆိုင်ရာက ထုတ်ပြန်တာ မရှိသေးပါဘူး။
ရဲမင်းခေါင်