ကိုဗစ်အကျပ်အတည်းကြောင့် မော်လမြိုင် အဝေးပြေးယာဉ်လိုင်းအများစု ရပ်နားရနိုင်
DVB
·
September 6, 2020
ကိုဗစ် အကျပ်အတည်းကြောင့် မော်လမြိုင်က အဝေးပြေးယာဉ်လိုင်းအများစု ရပ်နားရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၇၃ လိုင်း ရှိနေတာပါ။ ဒါပေမဲ့ အဲဒီယာဉ်လိုင်းတွေထဲမှာ ယာဉ်လိုင်းပေါင်း ၁၀ လိုင်းထက်မနည်း ပြေးဆွဲမှု ရပ်နားနေရပြီ ဖြစ်ပါတယ်။
အဝေးပြေးယာဉ်လိုင်း အများစုဟာ ခရီးသည်ရရှိမှု သိသိသာသာ လျော့ကျလာတဲ့အတွက်ကြောင့် ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရတာလို့ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ ယာဉ်လိုင်း ၁၀ လိုင်းထက်မနည်း ရပ်နားထားရပြီး အခု အခြေအနေအတိုင်းသာ ကိုဗစ်ရောဂါ ဆက်ဖြစ်နေမယ်ဆိုရင် နောက်ပိုင်း ယာဉ်လိုင်း အားလုံးနီးပါး ရပ်နားရဖို့ ရှိနေတာပါ။
အခုအခါမှာတော့ မော်လမြိုင်ကနေ ကရင်ပြည်နယ် ဘားအံကို ပြေးဆွဲနေတဲ့ယာဉ်တွေ လုံးဝ ရပ်နားသွားပြီ ဖြစ်ပါတယ်။
ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကတော့ ခရီးသည်ရရှိမှု သိသိသာသာ ကျဆင်းလာရင် ရပ်နားသွားတော့မယ်လို့ မန်းရွှေမြို့တော် ယာဉ်လိုင်းပိုင်ရှင် ဦးမျိုးဟိန်းအောင်က ပြောပါတယ်။
မော်လမြိုင်ကနေ တခြား တိုင်းနဲ့ပြည်နယ်ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေကို တခေါက် ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖျန်းဖို့၊ ခရီးသည်တွေကို Mask တွေ ဖြန့်ဝေပေးဖို့နဲ့ နေရာချဲ့ပြီး လက်မှတ်ရောင်းချပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
ဒီညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်လိုင်းတွေကို ပြေးဆွဲမှု လုံးဝပိတ်သိမ်းတဲ့အထိ အရေးယူသွားဖို့ ရှိနေပါတယ်။
ဇော်လွင်ထွဋ်