ရန်ကုန်မြို့ အခွန်ရုံးက အဆောင်နေဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
ပိုင်စိုး
·
September 5, 2020
ရန်ကုန်မြို့ အခွန်ရုံးက အဆောင်နေဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ခဲ့ရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ကျောက်တံတားမြို့နယ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာရုံးက ဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ပြည်ပနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာလည်း မရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
သူဟာ လူနာအမှတ် ၁၁၃၁ ဖြစ်ပြီး နေမကောင်းလို့ ဆေးရုံသွားပြရာကနေ ဆေးစစ်ခံခဲ့ရတာပါ။
ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “သူက နေမကောင်းလို့ ဆေးရုံသွားပြတယ်။ အဲဒါမှာ စစ်တော့ ပေါ့စတစ်တွေ့တာ။ တိုင်းကျန်းမာရေးကို သတင်းပို့တော့ လိုအပ်တာတွေ လာလုပ်ပေးပါတယ်။ ကျနော်တို့မှာ ဒီအတွက် ရှေ့မှာ အတွေ့အကြုံရှိခဲ့ပြီးပါပြီ” လို့ ပြောပါတယ်။
ဒီမတိုင်ခင်က အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရလို့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို အသွားအလာကန့်သတ်စစ်ဆေးတာတွေ လုပ်ခဲ့ရပါသေးတယ်။
အခုလူနာဟာ ရုံးအပေါ်ထပ်အဆောင်မှာနေသူဖြစ်ပြီး အဲဒီအဆောင်မှာနေသူတွေကို ကျန်းမာရေးဌာနက အသွားအလာကန့်သတ်တာတွေ လုပ်ထားတယ်လို့လည်း ဦးမင်းထွဋ်က ပြောပါတယ်။
ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာဖြစ်သလို အခွန်ရုံးကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ဖွင့်သွားမယ်လို့လည်း ပြောပါတယ်။