Homeမြန်မာသတင်း
မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီး အမှုကို ပြီးစေချင်ပြီ - လေးကျေးရွာ ကျောင်းဆရာ
မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီး အမှုကို ပြီးစေချင်ပြီ - လေးကျေးရွာ ကျောင်းဆရာ
DVB
·
September 5, 2020
ကျောင်းမြေ လန ၃၉ လိမ်လည်လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာက ကျောင်းဆရာအမှု စက်တင်ဘာလ ၄ ရက်နေ့ ၅၃ ကြိမ်မြောက်ရုံးချိန်းမှာ စွပ်စွဲခံရသူ ကျောင်းဆရာကို ပြန်လည်စစ်ဆေးမေးမြန်းခဲ့ပါတယ်။
ပြန်လည်စစ်မေးခံရတဲ့ ကျောင်းဆရာက အမှုနဲ့ပတ်သက်ပြီး ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်လို့ မှန်မှန်နဲ့ မြန်မြန် ပြီးစေချင်ပြီလို့ DVB ကိုပြောပါတယ်။
“ဒီနေ့ဆို ၅၃ ကြိမ်မြောက် ရုံးချိန်းပါ၊ အချိန်ကာလအားဖြင့် ၂ နှစ်ကျော်ကြာမြင့်နေပါပြီ၊ ဝန်ထမ်းတစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီး အမှုကို ပြီးစေချင်ပြီ” လို့ ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး အမှန်တရားဆိုတာ တစ်နေ့ ဘယ်သူလုပ်တယ် မလုပ်ဘူးဆိုတာ ပေါ်လာမှာဖြစ်သလို တရားလိုကိုယ်တိုင်ကလည်း အခု ပြဿနာဖြစ်နေတဲ့ လယ်မြေတွေကို သူကိုယ်တိုင် လျှောက်ခဲ့တယ်လို့ ဝန်ခံထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
အမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ် မြောက်ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင်ဖို့အတွက် အမိန့်ချမှတ်ခဲ့တာပါ။
လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီဝင် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရား တရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ပညာရေးဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)