မွန်ပြည်နယ်၌ ကိုဗစ်လူနာများနှင့်ထိတွေ့သူ ၁၂၀ ကျော်ရှိလာ
DVB
·
September 4, 2020
မွန်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံထားရတဲ့ ကိုဗစ်လူနာတွေနဲ့ ထိတွေ့ထားသူ ၁၂၀ ကျော်အထိ ရှိလာခဲ့ပြီး အားလုံးကို ရက်ပိုင်းအတွင်း ရောဂါပိုး ရှိ မရှိ စစ်ဆေးသွားဖို့ ရှိနေပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ကိုဗစ် ရောဂါပိုး ပြည်တွင်း ကူးစက်မှု စတင် တွေ့ရှိခဲ့တာပါ။
လက်ရှိမှာ ပြည်တွင်း ကူးစက်မှုတွေဖြစ်တဲ့ မော်လမြိုင် စေတနာ့ဝန်ထမ်းတွေနဲ့ လူနာအမှတ် ၇၇၁ ၊ လူအမှတ် ၈၂၂ နဲ့ အဓိက ထိတွေ့ထားသူ ၁၂၀ ကျော်အထိ ရှိလာခဲ့တာပါ။
အဲဒီထဲမှာတော့ မော်လမြိုင်မြို့နယ် တခုတည်းမှာပဲ ကိုဗစ်လူနာတွေနဲ့ အဓိက ထားတွေ့ထားသူ ၈၀ ကျော်အထိ ရှိလာခဲ့တာဖြစ်ပြီး သူတို့ အားလုံးကိုတော့ ရက်ပိုင်းအတွင်း ရောဂါပိုး ရှိ မရှိ စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။
ဒါအပြင် ရန်ကုန်နေ လူနာအမှတ် ၈၂၂ နဲ့ ထိတွေ့ထားသူ ရေးနဲ့ လမိုင်းမြို့တို့မှာ ၄၁ ဦးအထိ ရှိလာခဲ့ပြီး အားလုံးကို Quarantine စင်တာ ပို့ဆောင်ထားတယ်လို့ ရေးမြို့နယ် လူမှုအကျိုးအပြုအဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပါတယ်။
အခုအခါမှာတော့ ရန်ကုန်မြို့နေ သင်္ဘောသားဖြစ်တဲ့ လူနာအမှတ် ၇၇၁ ထိတွေ့ခဲ့တဲ့သူတွေကို သွားရောက် ခေါ်ဆောင်ရာမှာ စေတနာ့ဝန်ထမ်းတွေ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို သွားရောက် ခေါ်ဆောင်ရာမှာ ကယ်ဆယ်ရေးအင်းအား လျော့ချဖို့ ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းအထိ ကိုဗစ်လူနာအမှတ် ၄၈၂ အပါအဝင် ကိုဗစ်လူနာ ၁၄ ဦးအထိ ရှိလာခဲ့တာပါ။ အဲဒီထဲမှာတော့ စေတနာ့ဝန်းထမ်း ၄ ဦးအပြင် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်နေပါတယ်။
ဇော်လွင်ထွဋ်