ရမ်းဗြဲ အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ၁ ဦး ရိုက်နှက်ခံရပြီး အပြန်အလှန်အမှုဖွင့်
DVB
·
September 2, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ဟာ ရိုက်နှက်ခံခဲ့ရပြီး ရမ်းဗြဲမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကာယကံရှင်နဲ့ ရဲစခန်းက ပြောပါတယ်။
ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ မှတ်ပုံတင်မရှိသူတွေကို လုပ်ပေးဖို့ ဦးသန်းဇော်ဟာ ရမ်းသစ်ကြီးကျေးရွာအုပ်စု စစ်ပြားကျေးရွာကို သွားရောက်ခဲ့စဉ် စကားများရာက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ခဲ့တာလို့ ဦးသန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်က ရမ်းသစ်ကြီးကျေးရွာအုပ်စု စစ်ပြားကျေးရွာကို သွားပြီးတော့ ကျေးရွာနေပြည်သူတွေကို အခမဲ့မှတ်ပုံတင်လုပ်ပေးဖို့အတွက် ရွာဆော်ကို ဆော်သြခိုင်းတာပေါ့။ အဲဒီအချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက သူကို မပြောလို့ဆိုပြီးတော့ ပိတ်ပင်တာပေါ့။ အဲဒါကို ကျနော်အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကျိုးအကြောင်းပြောဖို့ သွားတဲ့အချိန်မှာ သူတို့အုပ်စုက အိမ်မှာ အရက်သောက်နေကြတယ်။ အဲဒါနဲ့ ကျနော်ကိုမြင်တော့ မင်းက ငါ့ကို ဘာဖြစ်လို့ မပြောတာလဲဆိုပြီးတော့ သူ သောက်နေတဲ့အရက်ခွက်တွေနဲ့ ပစ်ပေါက်တယ်။ တခြားအုတ်ခဲကျိုးနဲ့တွေနဲ့လည်း ထုတယ်၊ အဲဒါ ကျနော့် ဦးခေါင်း၊ မျက်နှာနဲ့ လက်တွေမှာ ပေါက်ပြဲဒဏ်ရာတွေရသွားလို့ ရမ်းဗြဲမြို့ ဆေးရုံသွားပြီးတော့ ဆေးကုသမှုခံလိုက်ရတယ်။ သူတို့လာပြီး ဖြေရှင်းမှလာဆိုပြီးတော့ ပထမတော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်။ အဲဒါသူတို့က မဖြေရှင်းတဲ့အပြင် ကျနော့်ကို အမှုဖွင့်လာတော့ ကျနော့်လည်း ပြန်ပြီးအမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ပြား အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အဆိုပါဖြစ်စဉ်မှာ အရက်သေစာသောက်စားပြီး နှစ်ဘက်အပြန်အလှန်စကားရာက ခိုက်ရန် ဖြစ်ပွားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ဘက်စလုံးက အပြန်အလှန်အမှုဖွင့်လှစ်ထားတယ်လို့ ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဘက်လုံး အပြန်အလှန်အမှုဖွင့်ထားတယ်။ အရက်သောက်တာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သည်းညည်းမခံတာတွေလည်း ပါတယ်။ နှစ်ဘက်လုံးကို ဖွင့်ပေးထားတယ်။ ပုဒ်မတွေကတော့ နာကျင်မှုနဲ့ဖွင့်တယ်။ အုပ်ချုပ်ရေးမှူး ဘက်ကလည်း သူအိမ်ပေါ်ကို တက်တယ်၊ ကြိမ်းဝါးတယ်၊ စော်ကားတယ်ဆိုပြီးတော့ အမှုဖွင့်တယ်။ နှစ်မှုစလုံးက အာမခံရတဲ့ဟာတွေပါ၊ တရားရုံးမှာ ရှင်းကြပေါ့ ဒါပဲရှိတယ်”လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် မှတ်ပုံတင်မရှိသူတွေကို မှတ်ပုံတင်လုပ်ဆောင်ပေးနိုင်ဖို့အတွက် ရမ်းဗြဲ မြို့နယ် အန်အယ်လ်ဒီ ပါတီအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ သွားရောက်ဆောင်ရွက်ခဲ့တာလို့ ဦးသန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။
နောင်နောင်