ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ကဗျာစာရွက် ကျပ် ၅၄ သိန်းဖြင့် လေလံဈေးဖွင့်
DVB
·
September 1, 2020
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေးကဗျာစာ ရွက်တရွက်ကို ကျပ် ၅၄ သိန်းနဲ့ လေလံဈေးဖွင့်ထားပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီး အတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။
“"30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အ မေစုကိုယ်တိုင် ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေး တယ်။ အပြင်မှာဦးဝင်းထိန်ရှိတယ်"
လတ်တလောမှာတော့ ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဦးဆောင်သူတ ယောက်ဖြစ်တဲ့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။
“ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန် လှူဒါန်းပေးသွားဖို့ ဆက်သွယ်လာပါတယ်ခင်ဗျာ… ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေးနိုင် တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်”
စာရွက်ပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့အတူ
ကဗျာဆိုတာ…
လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ…
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
ဒီစာရွက်လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာက တော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဝယ်ယူလိုသူတွေကိုတော့ မောင်မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထား တာဖြစ်ကာ စည်းကမ်းအနေနဲ့ စျေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်းအတိ သာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။