ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ထောက်ခံဆန္ဒပြ
ဇော်ဇော်လှိုင်
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားစွဲထားတာကို သွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လူထုထောက်ခံပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ပြုလုပ်ပါတယ်။
ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်းမှ ဦးသန်းဆွေက “အခုကျင်းပတာဟာ စစ်အုပ်စုရဲ့ ကျူးလွန်ခဲ့တာတွေကို ထောက်ခံတဲ့ပွဲမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်ပြီး လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေမှာ နိုင်ငံအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူရပ်တည်ကြောင်း ပြသချင်လို့ စီစဉ်တာ”လို့ ဒီဗွီဘီ ကို ပြောပါတယ်။
အခုပွဲကို လာရောက်ပူးပေါင်းခဲ့သူ ဦးမြတ်သူက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အဘက်ဘက်က အရေးတကြီးနေချိန် အခုလို နိုင်ငံတကာတရားရုံးမှာ သွားရောက်ဖြေရှင်းနေရလို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဘို့ နှောင့်နှေးအချိန်ကုန်ရတယ်”လို့ စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီအဖွဲချုပ်က ဦးလှိုင်အေးက “ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူရပ်တည်ကြောင်း ပြသချင်လို့ အခုလိုလာရောက်တာ”လို့ လည်း ဆိုပါတယ်။
လူထုထောက်ခံပွဲကို နဂိုယာ၊ ဂွန်းမ၊ ချီးဘား၊ ဆိုင်းတမ စတဲ့ခရိုင်တွေက ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား ၂၀၀ နီးပါး လာရောက်ပူးပေါင်းခဲ့ကြပါတယ်။