မြန်မာနယ်စပ်မှ သယ်လာသော လိမ္မော်သီးတင်ကားပေါ်တွင် စိတ်ကြွဆေး ၅ သန်း ဖမ်းမိ
DVB
·
September 1, 2020
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ မြန်မာနယ်စပ်ရှိ သစ်သီးဂိုဒေါင်တစ်ခုကနေ တင်ဆောင်လာတဲ့ လိမ္မော်သီးတင်ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြား အလုံးရေ စုစုပေါင်း ၅ သန်းလောက်ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လမ်းပန်းခရိုင် မယ့်ဖရိတ်မြို့နယ် စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေဟာ ဩဂုတ် ၂၉ ရက်ညက စစ်ဆေးစဉ် ချင်းမိုင်ဘက်ကနေလာတဲ့ လိမ္မော်သီးတင် အီဇူးစူးဟိုင်းလပ်စ်ကား ၂ စီးကို X-ray စက်ဖြတ်သန်းစစ်ဆေးခဲ့ကြောင်း၊ စက်ထဲမှာ မသင်္ကာဘွယ်ရာပေါ်လာတဲ့အတွက် အသေးစိတ် ရှာဖွေစစ်ဆေးရာမှာ လိမ္မော်ခြင်းအောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးတွေဖမ်းဆီးရမိတာလို့ မယ့်ဖရိတ်ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
ကားတစ်စီးမှာ လိမ္မော်သီးခြင်း ၂၅ ခြင်းစီပါလာပြီး တစ်ခြင်းကို စိတ်ကြွဆေး ၁ သိန်းပါ အထုတ် ၁ ထုတ်စီထည့်ထားလို့ ကားတစ်စီးကို စိတ်ကြွဆေး ၂ သန်းခွဲနဲ့ စုစုပေါင်း အလုံးရေ ၅ သန်းလောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်းသမား ၂ ဦးမှာ နိုင်းနာ့သ်ဝုဒ် (၃၁ နှစ်)နဲ့ နိုင်းဝေါ်ရဝုဒ် (၂၂ နှစ်) တို့ဖြစ်ပြီး သူတို့ကတော့ မယ်ဟောင်ဆောင်ခရိုင် မယ့်စရိန်းမြို့နယ် ရှိလုပ်ငန်းရှင်တစ်ဦးရဲ့ စေခိုင်းချက်အရ လိမ္မော်သီးတင်ကားကို မြန်မာနယ်စပ် ဝိန်းဟိုင်ကနေ မောင်းနှင်တင်ဆောင်ပေးခဲ့တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းပိုင်းကို ပို့ဆောင်ပေးရမှာဖြစ်ပြီး ယာဉ်မောင်းခအဖြစ် တစ်စီးကို ဘတ် ၈၀၀၀ ရတယ်လို့ ထွက်ဆိုထားပါတယ်။
အဆိုပါထွက်ဆိုချက်အရ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ဘန့်ပန်ကွဲအုပ်စုရှိ သစ်သီးဂိုဒေါင်တစ်ခုကို ဩဂုတ် ၃၀ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ မူးယစ်ဆေးဝါးတွေကိုတော့ မတွေ့ရပေမယ့် လမ်းပန်းမှာဖမ်းမိတဲ့ လိမ္မော်ခြင်းနဲ့ ပုံစံတူခြင်းတွေ၊ သစ်သီးထုတ်အိတ်တွေရော စီစီကင်မရာထဲမှာ ပစ္စည်းထုတ်ပိုးနေ တာတွေပါ တွေ့ရှိလို့ ဂိုဒေါင်အလုပ်သမား သုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
မယ့်စရိန်းမှ ပစ္စည်းလှမ်းမှာသူမှာ နိုင်းအထိခုမ်း (၂၈ နှစ်) ဖြစ်ပြီး သစ်သီးဂိုဒေါင်ပိုင်ရှင် နန်းကုဆုမာ (၁၉ နှစ်)ရဲ့ ခင်ပွန်းဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးကိုရော ဝိန်းဟိုင်မှာနေထိုင်သူ အသက် ၅၂ နှစ်ရွယ်ရှိ နန်းလင်ဒါဆိုသူ အမျိုးသမီးကိုပါ ဖမ်းဆီးထားတယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်က ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ် ။
ကိုးကား- MGR Online