Home
မြန်မာသတင်း
သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခိုးဝင်သူ မြန်မာ ၁၁ ဦးဖမ်းမိ၊ အပြင်းဖျားသူ ၂ ဦးကို ဆေးရုံပို့ 
DVB
·
August 31, 2020
800_0ba838a9c4e8899
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့မနက်ပိုင်းက ထိုင်းဘက်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ယောက်ကို နယ်စပ် စောင့်ကြပ်ရေးတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။        မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး ချိုင်ရက်ပ်ပရုခ် ချီယန်သန်နရက်ခ်ကတော့ သူတို့ ဟာ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်ဖို့ကြိုးစားကြချိန်မှာ မဲဆောက်လုံခြုံရေးကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ပြောပါတယ်။ အဆိုပါ တပ်ဖွဲ့မှ အကြီးအကဲ ဆီရိဖွန် ဆွန်ဝေက တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားတွေ လိုက်ပါလာတဲ့ လှေကမ်းကို ဆိုက်ရောက်ရောက်ချင်းမှာပဲ မြန်မာအမျိုးသား ၃ ယောက်ကို လက်ရဖမ်းဆီးလိုက်နိုင်ပြီး ကွင်းဆက်အရ မေးမြန်းစစ်ဆေးချိန်မှာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးက အဆောက်အအုံတခုမှာ ပုန်းအောင်းနေတဲ့ နောက်ထပ်မြန်မာ ၈ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။ ထပ်မံဖမ်းဆီးနိုင်ခဲ့တဲ့ ၈ ယောက်ထဲမှာတော့ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက်ပါဝင်ကာ သူတို့ထဲက ၂ ယောက်မှာ ကိုယ်အပူချိန်မြင့်တက်ပြီး အပြင်ဖျားနာ နေတာကို တွေ့ရှိရတဲ့အတွက် မဲဆောက်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ထိုင်းနိုင်ငံကို အလုပ်ရှာဖွေဖို့ ခုလိုလာရောက်ခဲ့ကြတာလို့ ထွက်ဆိုထားကြပါတယ်။        လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တကျော့ပြန် ကူးစက်မှုတွေကြောင့် ထိုင်း -မြန်မာနယ်စပ်ဝင်ပေါက်တွေကို ပိတ်ပင်ထားခဲ့ကာ လုံခြုံရေးတင်းကျပ် တိုးမြှင့်ချထားခဲ့တာ ဖြစ်ပါ တယ်။ ကိုးကား- THE NATION
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024