လွှတ်တော်ကိုယ်စားလှယ်တဦးကို ပြည်ထဲရေးက ကန့်ကွက်သဖြင့် ကော်မရှင်က အမည်စာရင်း ပယ်ဖျက်
DVB
·
August 30, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားတာကို ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်တာကြောင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က အမည်စာရင်း ပယ်ဖျက်ခဲ့တယ်လို့ ပယ်ဖျက်ခံခဲ့ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ပုဒ်မ ၁၀(ဎ) နဲ့ ငြိစွန်းတယ်လို့ဆိုပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားလာတဲ့အတွက် ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။
အခုလို ကန့်ကွက်ခံခဲ့ရတာဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံရဲ့ သားဖြစ်သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တပ်မတော် သံချပ်ကာ တပ်ရင်းမှာ ဗိုလ်မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ခွင့်မဲ့ပျက်ကွက်ခဲ့ပြီးနောက် အေအေတပ်မှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတာကို သိရှိရတဲ့အတွက် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်လို့ဆိုကာ ပြည်ထဲရေးက ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလိုကန့်ကွက်ခံခဲ့ရတဲ့ အကြောင်းရာနဲ့ပတ်သက်လို့ ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်ကတော့ သားဖြစ်သူဟာ အိမ်က ထွက်သွားတာ ၁၆ နှစ်ရှိပြီဖြစ်သလို အိမ်ထောင်စု စာရင်းမှာလည်း မပါဝင်တာကြောင့် အခုလို ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းတာ ပယ်ဖျက်လိုက်တာဟာ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာဖြစ်တယ်လို့ ပြန်လည် ပြောဆိုထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကျောက်ဖြူခရိုင်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၉၇ ဦးထိရှိကာ ဦးဖိုးစံ ၁ ဦးသာ ပယ်ဖျက်ခံခဲ့ရတာလို့ သိရပါတယ်။
နောင်နောင်