Homeမြန်မာသတင်း
မွန်ပြည်နယ်အတွင်း စားသောက်ဆိုင်များကို စနစ်တကျမကိုင်တွယ်နိုင်ပါက ဝန်ထမ်းများကို အရေးယူမည်
မွန်ပြည်နယ်အတွင်း စားသောက်ဆိုင်များကို စနစ်တကျမကိုင်တွယ်နိုင်ပါက ဝန်ထမ်းများကို အရေးယူမည်
DVB
·
August 30, 2020
မွန်ပြည်နယ်အတွင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို စနစ်တကျ မကိုင်တွယ်နိုင်ပါက ဝန်ထမ်းတွေကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။
ကိုဗစ်ကာလ မွန်ပြည်နယ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို မော်လမြိုင်မှာ ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိပြီးနောက် အရေးယူမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
ကိုဗစ်ကာလမှာ စည်းကမ်းမလိုက်နာတဲ့ စျေးရောင်းချသူတွေနဲ့ Mask မတပ်တဲ့သူကို စနစ်တကျ ထိန်းချုပ်ဖို့နဲ့ အရေးယူတာတွေ လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။
အဲလို လုပ်ဆောင်ရာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်ရင် ဝန်ထမ်းတွေကိုပါ အရေးယူသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်တဲ့ ဝန်ထမ်းတွေကိုတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ရာထူးတိုး ဆိုင်းငံ့တာအပြင် ရာထူး လျှော့ချတာတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေမှာ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ စျေးဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၅ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာ၊ တတိယအကြိမ် အပြီးပိတ်တာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
ဒါအပြင် စျေးတွေမှာ mask မတပ်တဲ့သူတွေကို ဒဏ်ငွေကျပ် ၃၀၀၀ နှုန်း ဒဏ်ရိုက်တာတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ကာလတုန်းက Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ ဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၃ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့တာပါ။
ဇော်လွင်ထွဋ်