လပွတ္တာက စွန့်လွှတ်မြေများ ပြန်ပေးရန် စိစစ်ရာတွင် လွဲမှားမှုများ ရှိနေ
DVB
·
August 29, 2020
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းက ဆင်ခြေကျေးရွာအုပ်စု၊ သင်္ဃန်းလေး ကျေးရွာအနီး စက်မှု ၁ ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်တဲ့ ဆားကွင်းတွေ မူလလက်ငုတ် လယ်သမားတွေထံ ပြန်ပေးအပ်ဖို့အတွက် စိစစ်တာတွေပြုလုပ်ချိန်မှာ နေရာလွဲမှားမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေယာလွဲမှားမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်တာတွေပြုလုပ်ပေးဖို့နဲ့ အပိုင်မြေတိုင်းစာရေးရဲ့ အဂတိလိုက်စားမှုတွေကို ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလပိုင်းက တိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေထံ စာပို့တိုင်ကြားခဲ့ပေမယ့် စိစစ်အရေးယူပေးတာမရှိသေးဘူးလို့ ဒေသခံ ဦးသန်းစိုးက DVB ကို ပြောပါတယ်။
“အဓိက ပြန်ပေးမယ်ဆိုပြီး စိစစ်တဲ့အချိန်မှာ မူလတောင်သူတွေဖြစ်တဲ့ ဦးအမျိုးသမီးရဲ့ အဖေနာမည်က ပါမလာဘူး၊ စလုပ်တဲ့အချိန်ထဲက ပြန်ပေးတဲ့ ခုချိန်ထိအားလုံးကို မီခဲ့တဲ့ရွာမှာ အသက် ၈၀ ကျော်အဘိုးရှိပါတယ်၊ သူဆိုအကုန်သိပါတယ်။ အဲ့လိုပဲ ရွာမှာမနေဘဲနဲ့ ခုပေးတဲ့ စာရင်းမှာ ပါဝင်လာတာတွေလည်း ရှိတယ်။ ဒါတွေကို ပြန်စိစစ်ပေးစေချင်လို့ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို တိုင်ကြားခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြန်လည်ပေးအပ်ဖို့အတွက် လျှောက်လွှာတွေ လျှောက်ထားခိုင်းချိန်မှာ ကျေးရွာအတွင်းက မူလလက်ငုတ်စာရင်းမှာ ပါဝင်တဲ့သူတွေကို အပိုင်မြေတိုင်းစာရေးဖြစ်သူက လျှောက်လွှာ ၁ စောင်ကို ငွေ ၁ သောင်းခွဲတောင်းခံခဲ့တာမျိုးတွေလည်းရှိလို့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
အငြင်းပွားမှုဖြစ်နေတဲ့ ပြန်လည်စွန်လွှတ်တဲ့မြေတွေကို မူလတောင်သူလက်ငုတ်ပိုင်ရှင်တွေ နဲ့ သားသမီးတွေကို ပေးနိုင်ဖို့အတွက် ကျေးရွာမြေစစ်အဖွဲ့တွေက အဆင့်ဆင့်ပြန်လည်တင်ပြပြီး ယာယီလုပ်ကိုင်ဖို့အတွက် ခွင့်ပြုချိန်မှာ ကျေးရွာမှာ မနေထိုင်တဲ့လူတွေ ပါဝင်လာတာရှိသလို အမည်စာရင်းကို ၄ ကြိမ်အထိ ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လည်စွန့်လွှတ်တဲ့ မြေဧရိယာမှာ မူလပိုင်ရှင်တွေလက်ထဲကို မူလနေရာ၊ မူလ ဧကအတိုင်း ပြန်လည်ရရှိမှာ မဟုတ်သလို ကျေးရွာဖွံ့ဖြိုးရေးအတွက် မြေနေရာတွေအသုံးပြုဖို့ ချန်ထားတာတွေရှိတော့ နေရာလွဲမှားတာတွေ ရှိနိုင်သလို ဧကလျော့တာတွေလည်း ရှိနိုင်တယ်လို့ လပွတ္တာမြို့နယ် မြေစာရင်းဦးစီးမှူး ဦးဝင်းလွင်က DVB ကိုပြောပါတယ်။
“မူလတောင်သူတွေ မရှိတော့ ဒါ သားသမီးအမွေဆက်ခံသူတွေကို ဆက်ပေးရတာပေါ့။ ဒီလို ပေးဖို့အတွက်လည်း ကျေးရွာစိစစ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ၊ မြေတိုင်းစာရေးတွေ ပူးပေါင်းပြီး မြေစစ်ကို တင်ရတယ်၊ ဆင်းစစ်ပြီး အတည်ပြုပြီးမှ ယာယီ လုပ်ကိုင်ခွင့်ထုတ်ပေးထားတာပါ။”
မြေနေရာလွဲမှားမှုတွေနဲ့ ပတ်သက်ပြီး မြေစစ်အဖွဲ့က မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ကျေးရွာကို ဆင်းပြီး မြေနေရာတွေ ပြန်ပေးချိန်မှာ မူလနေရာတော့ မရနိုင်ကြောင်း သေချာရှင်းလင်းပြောဆိုပြီး သဘောတူမှ နေရာယာယီချထားပေးခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာမူလမြေနေရာတွေ ပြန်လည်ရရှိဖို့ လျှောက်လွှာတွေ တင်ခိုင်းချိန်မှာ မြေတိုင်းစာရေးက အဂတိလိုက်စားမှုတွေရှိတယ် ဆိုတာနဲ့ပတ်သက်ပြီး မြို့နယ်မြေစာရင်းဦးစီးက “ဒါက ဝန်ထမ်းဆိုတာ ဝန်ထမ်းဥပဒေရှိလို့ စစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်ပြီး ဆင်းစစ်တဲ့အခါ အဖြေ မှန်ထွက်လာပါလေ့မယ်၊ ခုချိန်ထိတော့စစ်ဆေးတာတွေ မရှိသေးဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြေနေရာအငြင်းပွားမှု ဖြစ်ပွားနေတဲ့နေရာမှာ မြေနေရာယာယီချထားပေးချိန်မှာ မြေနေရာလွဲမှားတာတွေ၊ ဧကအပြည့် ပြန်မရတာတွေ၊ ကျေးရွာမှာ နေထိုင်ခဲ့ခြင်း မရှိတဲ့သူတွေ ပါဝင်နေတာတွေအပြင် မြေတိုင်းစာရေးရဲ့ အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ပေမယ့် ပြန်လည်စိစစ်ပေးတာမျိုး မရှိသေးလို့ တာဝန်ရှိသူတွေအနေနဲ့ အဖြစ်မှန်ကို စိစစ်အရေးယူပေးစေချင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)