ကိုဗစ်လူနာများထားရန် မောင်တောမြို့၌ အရေးပေါ် ယာယီဆေးရုံ ပြင်ဆင်
DVB
·
August 28, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေရှိတဲ့ လူနာတွေ ထားရှိနိုင်ဖို့ သီရိမင်္ဂလာခန်းမကြီးကို ယာယီဆေးရုံအဖြစ် ကြိုတင်ပြင်ဆင်ထားပါတယ်။
အဆိုပါ ယာယီဆေးရုံမှာ လူနာ ၃၁ ဦးတက်ရောက်ကုသနိုင်ဖို့ အခန်းနေရာ ၃၁ ခန်းပြင်ဆင်ထားတယ်လို့ သိရပါတယ်။
လက်ရှိ မောင်တောခရိုင်ပြည်သူဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၂၄ ဦးသာကုသနိုင်တဲ့ အတွက် ယာယီဆေးရုံကို ကြိုတင်ပြုလုပ်ထားတာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
"ဆေးရုံမှာက လူနာ ၂၄ ဦးသာ ကုသနိုင်တယ်။ ဒါ့ကြောင့် စည်ပင်သာယာပိုင် မြို့တော်ခန်းမမှာ ယာယီဆေးရုံအဖြစ် ကြိုတင်ပြုလုပ်ထားတာဖြစ်တယ်။"လို့ ဦးအောင်စိုးက ပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ဝ ဦးရဲ့ အမည်စာရင်းမှာ မောင်တောမြို့မှ ပိုးတွေ့လူနာ ၁၃ ဦး ပါဝင်ပါတယ်။
အဆိုပါပိုးတွေ့လူနာတွေကတော့ မင်းခမောင်းရွာကို တာဝန်နဲ့ စစ်တွေမြို့မှ ပြန်လာသူ ကျောင်းဆရာမ ၁ ဦး၊ ညောင်ပင်လှကျေးရွာမှ အသက် ၄၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ ကြိမ်ချောင်းကျေးရွာမှ အသက်၃၂ နှစ်အရွယ်အမျိုးသား ၁ ဦး၊ မောင်တောမြို့ အိမ်တွင်းမှုကျောင်း Quarantine စင်တာက အမျိုးသမီး၂ ဦးနဲ့ အမျိုးသား ၁ ဦး၊ စစ်တွေပြန် ဝေသာလီကျေးရွာမှ မိသားစု ၅ ဦး၊ ၄ မိုင်ရပ်ကွက်မှ အသက်၁၇ နှစ်အရွယ်အမျိုး သမီး ၁ ဦး၊ ကျောက်ပန်းဒူကျေးရွာက အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။
အဆိုပါရောဂါပိုးတွေ့ရှိသူ ၁၃ ဦးနဲ့ ထိတွေခဲ့သူအားလုံးကို နေအိမ်မှာသာ နေထိုင်စေပြီး သူတို့ရဲ့ နေအိမ်တွေကို Locked down လုပ်ထားမယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောပါတယ်။
"ပိုးတွေ့လူနာ ၁၃ ဦးနဲ့ ထိတွေ့ခဲ့သူတွေကို Facility Quarantine မထားတောဘူးဗျ။ Home Quarantine ထားပြီး နေအိမ်ကို လော့ဒေါင်းချထားမယ်။ အိမ်ရှေ့မှာစာကပ်ထားမယ်။ ဒီလူတွေ အပြင်ကို မထွက်ရအောင် ရပ်ကွက်၊ ကျေးရွာတွေမှာ ကော်မတီဖွဲ့ စောင့်ကြည့်မယ်။ အမှန်တကယ် လက်လုပ်လက်စားတွေကိုတော့ စားနပ်ရိက္ခာထောက်ပံ့ပေးမယ်။ အဲဒီလိုစီစဉ်ထားတယ်။”
ရောဂါပိုးတွေ့ လူနာတွေနဲ့ ထိတွေခဲ့သူတွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး ထဲမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လူနာသစ် ၆ ဦးပါဝင်ပါတယ်။
သတင်း - လင်းလက်