မန္တလေးကို သင်တန်းလာတက်သည့် စစ်တွေကရဲအုပ် ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 28, 2020
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၈ လမ်း နဲ့၂၉ လမ်းကြားက ရဲအရာရှိ အတတ်သင်ကျောင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေကနေ သင်တန်းလာတက်တဲ့ ရဲအုပ်တဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ ရောဂါပိုးတွေ့သူကို မန္တလေးမြို့ ကန်တော်နဒီဆေးရုံကို မနေ့ည ၇ နာရီလောက်က ပို့ဆောင်ခဲ့ပြီး သင်တန်းကျောင်းကိုတော့ ပိတ်ထားလိုက်ပြီလို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
“နောက်နေ့မှာ သူနဲ့ ထိတွေ့တဲ့သူတွေဆီကနေ ဓာတ်ခွဲနမူနာယူပြီးစစ်မယ်။ အခုတော့ အဝင်အထွက်ပိတ်ထားပြီ။ သင်တန်းကျောင်းဖြစ်လို့ ထိန်းနိုင်မှာပါ။”
အတည်ပြုလူနာကို လာရောက်ခေါ်ဆောင်ကတည်းက ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်မှာ အတည်ပြုလူနာ ၁၆ ဦးတွေ့ရှိခဲ့ပြီး မန္တလေး သင်တန်းကျောင်းက ပိုးတွေ့လူနာကတော့ အမှတ် ၅၈၇ ဖြစ်တယ်လို့ သိရပါတယ်။