ရခိုင်ကလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ ၄၂ ဦး လပွတ္တာခရိုင်တွင် ဖမ်းမိ
DVB
·
August 28, 2020
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်က ဧရာဝတီ မြစ်ထဲမှာ သြဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၄၂ ဦးကို ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးတာဝန်ရှိသူက ပြောပါတယ်။
လပွတ္တာခရိုင်အတွင်းက မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ၁၅ မိုင်ခန့် အကွာ ခုနှစ်စင်ဂူမြစ်ကြောင်း ကြပ်ပြေးဝ မှာ စက်လှေတစ်စီးနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ကျား ၁၁ ဦး၊ မ ၂၉ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၄၂ ဦးကို ဖမ်းမိခဲ့တာပါ။
တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "သတင်းရလို့ ရေလမ်းကြောင်း တလျှောက် ဝင်ထွက်လမ်းတွေကနေ စောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့တာပါ။ ကမ်းကပ်ခွင့် မပေးသေးဘဲ ရဲတပ်ဖွဲ့က စောင်ကြပ်ထားပါတယ်၊ သူတို့က Quarantine ဝင်ရမှာပါ"လို့ ပြောပါတယ်။
ဘင်္ဂါလီ ၄၂ ဦးကို ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကိုခေါ်ဆောင်လာတဲ့ စက်လှေမောင်းသူ ၁ ဦးအပါအဝင် ၅ ဦးကို ဖမ်းမိထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြောင်းမြမြို့နယ်မှာ ဇွန် ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်က တရားမဝင် ဝင်လာတဲ့ ဘင်္ဂါလီ ၁၆ ဦး ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းခြေဒေသတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတာတွေကြောင့် ကုန်လမ်းကရော၊ ရေလမ်းကပါ မကြာခဏဆိုသလို မော်တော်ယာဉ်တွေ စက်လှေတွေနဲ့ ဝင်ရောက်လာတာတွေရှိလို့ အထောက်အထားမဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးနေရ တာဖြစ်ပြီး တရားစွဲဆိုထောင်ချတာတွေ နေရပ်ပြန်လည်ပို့ဆောင်တာတွေ ပြုလုပ်နေရတာပါ။
မင်းထက်မုန်း (ပုသိမ်)