မိတ္ထီလာတွင် မြောက်ဦးကပြန်လာသူနှင့် ထိတွေ့ဆက်နွှယ်သူ ၄ ဦး Quarantine ဝင်
DVB
·
August 27, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က တည်းခိုခန်းတခုမှာနေထိုင်တဲ့ အမျိုးသားတဦးဟာ မြောက်ဦးကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ သူငယ်ချင်းနဲ့ တွေ့ဆုံစကားပြောမိပြီးနောက် မိမိကိုယ်မိမိ သံသယရှိလို့ လူမှုကူညီရေးအသင်းနဲ့ ဌာနဆိုင်ရာတွေထံ အကူအညီတောင်းပြီး သြဂုတ် ၂၆ ရက်နေ့က Home Quarantine ဝင်နေပါတယ်။
ပြည်သာယာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမင်းမြတ်က "လွန်ခဲ့တဲ့ ၆ ရက် လောက်က ရခိုင်ပြည်နယ် မြောက်ဦးက အလုပ်လုပ်ပြီးပြန်လာတဲ့ သူငယ်ချင်းနဲ့ တွေ့ဆုံ စကားပြော မိတယ်တဲ့ ဒီနေ့တော့ တချက်တချက် နှာခေါင်းက အနံမရဖြစ်နေတယ် ပြောတယ်။ သူတို့အသိစိတ်နဲ့ သူတို့ အဲအိမ်မှာနေထိုင်သူ ၄ ဦး စလုံး Home Quarantine ဝင်တယ်။ စားသောက်ရေးကို ရပ်ကွက်က အကူအညီပေးပါတယ်"လို့ ပြောပါတယ်။
ကျန်းမာရေးဦးစီးဌာန တာဝန်ကျသူနာပြုဆရာမ ဒေါ်နီနီလှိုင်က "မနေ့က အပူချိန်တိုင်း ထားတာကတော့ သာမန်ပါပဲ။ ဒီနေ့ညနေကျရင် ထပ်တိုင်းပေးမှာပါ။ ဓာတ်ခွဲစစ်ဆေးဖို့ နှာခေါင်း တို့ဖတ် အာခေါင်တို့ဖတ်တွေ ဆေးရုံကြီးက ယူသွားပါပြီ၊ အဖြေမရသေးပါဘူး"လို့ ပြောပါတယ်။
မိတ္ထီလာ ပြည်သာယာတောင် ၅ လမ်း နဲ့ ၆လမ်းအကြားက တည်းခိုခန်းမှာနေတဲ့ သံသယလူနာနဲ့ တခြားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ပေါင်း ၄ ဦးကို Home Quarantine ထားရှိပြီး ကောလာဟာလတွေကို မယုံကြည်ကြဖို့ ပရဟိတအကျိုးဆောင် လူမှုရေးအသင်းအဖွဲ့ တွေက တိုက်တွန်းပါတယ်။
သတင်း - မောင်မောင်လင်း