Homeမြန်မာသတင်း
မြောက်ဦး၊ ဘူးသီးတောင်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် ပြည်တွင််းကူးစက်ခံ လူနာသစ် ၆ ဦး တွေ့ရှိ
မြောက်ဦး၊ ဘူးသီးတောင်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် ပြည်တွင််းကူးစက်ခံ လူနာသစ် ၆ ဦး တွေ့ရှိ
DVB
·
August 27, 2020
မြောက်ဦး၊ ဘူးသီးတောင်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းတို့မှာ ပြည်တွင်း ကူးစက်ခံရတဲ့ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၈၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၂ ခုနဲ့ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၄ ခုတို့အား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ် ၆ ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ၃ ဦး၊ ဘူးသီးတောင်မြို့က ၂ ဦးနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ၁ ဦးတို့ဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိဘဲ အသွားအလာကန့်သတ်ထားသူတွေနဲ့ စောင့်ကြည့်လူနာတွေဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်က ၅ ဦးကတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်းက ၁ ဦးကတော့ ထိတွေ့မှုမရှိဘဲ စစ်တွေကို ခရီးသွားရာဇဝင်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မနေညက ဓာတ်ခွဲနမူနာ ၁,၂၆၅ ခုစစ်ဆေးရာမှာလည်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၃ ဦး၊ ကျောက်တော်မြို့နယ်က ၂ ဦးနဲ့ စစ်ကိုင်းတိုင်းကလေးမြို့က အမေရိကန်ပြန် အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပါတယ်။
ဩဂုတ် ၂၇ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၈၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိလို့ ရောဂါပိုးကင်းစင်လာသူ ၃၄၅ ဦး၊ ဆေးရုံးမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၇ ဦးရှိပါတယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ ဩဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာ ၁၈၄ ဦး တွေ့ရှိထားပါတယ်။