ရေကြည်မြို့နယ် ဝက်ရုပ်ကျေးရွာအုပ်စုက လူငယ် ၁၃၀ အန်အယ်လ်ဒီပါတီသို့ ဝင်ရောက်
DVB
·
August 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စုက ဒေသခံလူငယ် ၁၃၀ ဦးလောက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အန်အယ်လ်ဒီ) ပါတီသို့ ဝင်ရောက်ဖို့ ပါတီဝင် အဆိုပြုလွှာပေးအပ်တာတွေကို သြဂုတ်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်လို့ ခုလို့ဝင်ရောက်ရတာဖြစ်တယ်လို့ ဝက်ရုပ်ကျေးရွာအုပ်စုမှ ပါတီဝင်သူ ကိုကျော်ကျော်သက် က ပြောပါတယ်။
"အမေစုကို ချစ်တယ်၊ မူဝါဒတွေကို ယုံကြည်တယ်။ အဲ့ဒါကြောင့် ကျေးရွာမှာရှိတဲ့ လူငယ်တွေ စုပေါင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ချင်လို့ အဆိုပြု လွှာတင်ခဲ့တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ပါတီဝင်ခဲ့တဲ့ လူငယ် ၁၃၀ အနေနဲ့ ပါတီဝင်ပြီးနောက်ပိုင်း ပါတီရဲ့ တာဝန်၊ ကျေးရွာရဲ့တာဝန်တွေနဲ့ ပြည်သူတွေအတွက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီဝင်အဆိုပြုလွှာ ပေးအပ်မှုအခမ်းအနားကို ဝက်ရုပ်ကျေးရွာအုပ်စု အန်အယ်လ်ဒီ ပါတီရုံးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ထုတ်ပြန်ချက်တွေနဲ့အညီ အချိန်ခွဲကာ ၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
ရေကြည်မြို့နယ် ဝက်ရုပ်ကျေးရွာမှာ အရင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေရှိခဲ့ပေမယ့် ပါတီမူဝါဒကိုကြိုက်လို့ လူငယ်တွေအခုလို့ အစုလိုက် ပါတီ ဝင်ရောက်ခဲ့တာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
အန်အယ်လ်ဒီ ပါတီအနေနဲ့ လူငယ်ပါတီဝင်တွေကို အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းသတ်မှတ်ထားပြီး ခုလို့ ကျေးရွာအုပ်စုတစ်ခုထဲက လူငယ် ၁၀၀ ကျော် ပါတီသို့ဝင်ရောက်ခဲ့တာဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးလည်း ဖြစ်တယ်လို့ ပါတီဝင်တွေထံက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်ကျော်ကျော်