ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် ၄ ဦးကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က မတ် ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
မတ်လ ၂ ရက်မှာကျင်းပတဲ့ ပါတီဗဟိုအလုပ်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနဲ့ ပါတီဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပေးအပ်ထားတဲ့တာဝန်အားလုံး ရပ်ဆိုင်းတဲ့ အပြင် ပါတီဝင်အဖြစ်မှအပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းနဲ့ သူတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေ ဟာ ပါတီနဲ့ သက်ဆိုင်ခြင်း မရှိပါကြောင်း ထုတ်ပြန်လိုက်တာပါ။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒကို ဆန့်ကျင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီဗဟိုကော်မတီဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီတွေရဲ့ တင်ပြလာချက်အရ အခုလိုဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။
ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်းအပါအဝင် ပါတီကထုတ်ပယ်ခံရသူတွေဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီးပြီး ပြည်သူလူထုနဲ့ ကမ္ဘာကိုလှည့်စားဖို့ ကြံဆောင်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တချို့က ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိတဲ့အပြင် ပါတီရပ်တည်ချက်ကိုဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံတဲ့ အထောက်အထားများ ရရှိထားတယ်လို့ ဆိုပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ယခုနွေဦးတော်လှန်ရေးကာလမှာ ပါတီလုပ်ငန်းတာဝန်တွေကို ဗဟိုအလုပ်ကော်မတီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်လို့ ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုခဲ့တဲ့ ရွှေချောင်းတွေနဲ့ ဒေါ်လာတွေရယူခဲ့တယ်ဆိုတဲ့ အဂတိအမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေ အဖြစ်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။