တောင်ဥက္ကလာပတွင် နေထိုင်သည့် သင်္ဘောသား ၁ ဦးကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်
အောင်သူ
·
August 26, 2020
ရန်ကုန်မြို့ တောင်ဥက္ကလာ ၁၂ ရပ်ကွက် မာဃ ၆ လမ်းမှာ နေထိုင်တဲ့ အမျိုးသား ၁ ဦးကို ကိုဗစ်-၁၉ ရောဂါသံသယနဲ့ ကျန်းမာရေးဌာနက ဒီကနေ့ မနက်ပိုင်းမှာ လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။
အဆိုပါ အမျိုးသားဟာ သင်္ဘောသား တစ်ဦးဖြစ်ပြီးလွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ကတည်းက ရန်ကုန်ကိုပြန်ရောက်နေတဲ့သူဖြစ်ပါတယ်။ သူဟာ ပြည်တွင်းကူးစက် လူနာဖြစ်နိုင်တယ်လို့ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိအချိန်မှာ သူနေထိုင်တဲ့ မာဃ ၆ လမ်းကို အာဏာပိုင်တွေက လော့ဒေါင်းချထားလိုက်ပြီး သူနေထိုင်တဲ့ တိုက်ကသူတွေကိုလည်း အပြင်ပေးမထွက်တော့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဩဂုတ် ၂၆ ရက် မနက် ၈ နာရီအထိ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၅၇၄ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိပါတယ်။