ညမထွက်ရအမိန့်ဖောက်ဖျက်သဖြင့် ၃ လကျော်အတွင်း လူပေါင်း ၃၇၀၀ ကျော်ကို အရေးယူ
ညီငယ်
·
August 26, 2020
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလ တတိယပတ်ကစပြီး မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ၊ မေ၊ ဇွန်နဲ့ ဇူလိုင်လတွေမှာ အဲဒီ အမိန့်ကို ဖောက်ဖျက်လို့ အရေးယူခံရတဲ့သူပေါင်း ၃၇၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ပြောပါတယ်။
အခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ပြည်တွင်းမှာ ရောဂါကူးစက်မှုရှိလာခဲ့ပြီးနောက် အစိုးရက ရောဂါထိန်းချုပ်ရေးအစီအစဉ် ချမှတ်လာခဲ့ရာမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ လည်း တစ်ခု အပါအဝင်ဖြစ်လာခဲ့ပါတယ်။
ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ မလိုက်နာလို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့ရာမှာ ဧပြီလ တတိယပတ်ကနေ ဧပြီလကုန်အထိ ၉၀၇ ဦး၊ မေလမှာ ၁၅၅၃ ဦး၊ ဇွန်လမှာ ၅၉၃ ဦး၊ ဇူလိုင်လ ၆၈၂ ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ညမထွက်ရအမိန့်ကို စတင်အကျုံးဝင်ချိန် ည ၁၀ နာရီက မနက် ၄ နာရီအထိသတ်မှတ်ခဲ့ပေမဲ့ အခုအခါ ည ၁၂ နာရီက မနက် ၄ နာရီအထိပဲ အကျုံးဝင်ပါတော့တယ်။
ဒါပေမဲ့ ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်လာတဲ့ စစ်တွေမြို့မှာတော့ ညမထွက်ရအမိန့်ကို သြဂုတ်လ ၂၁ ရက်နေ့ကစလို့ ည ၉ နာရီက မနက် ၄ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။