Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး  ပြန်ခေါ်သက်သေကို စစ်ဆေး
DVB
·
August 25, 2020
Untitled-1
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့  တရားစွဲဆိုခံထားရသူ သုံးဦးအမှုနဲ့ ပတ်သက်လို့ ဒီကနေ့  ဩဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီအမှုဟာ မူလတရားရုံးက စွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ တရားပြန်လည်ရင်ဆိုင်ရတာ ဖြစ်တဲ့အတွက် ဒီနေ့မှာတော့ ကျန်ရှိနေတဲ့ ပြန်ခေါ်သက်သေတွေကို ဆက်လက်စစ်ဆေးနေတာပါ။  ဒီနေ့ရုံးချိန်းမှာ လာရောက်ထွက်ဆိုတဲ့ ပြန်ခေါ်သက်သေတစ်ဦးကတော့ တရားစွဲဆိုခံထားရသူ ၃ ဦးရဲ့ သူငယ်ချင်းဖြစ်ပြီး အခင်းဖြစ်စဉ် ညက အတူရှိခဲ့သူ ဖြစ်ကာ အမှုအတွက် ၃ ကြိမ်မြောက် လာရောက်ထွက်ဆိုထားသူလည်း ဖြစ်ပါတယ်။ မူလက ရဲစခန်းမှာ ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေနဲ့ တရားခွင်မှာ ထွက်ဆိုချက်တွေက ကွဲလွဲမှု တချို့ရှိနေတာကြောင့် နှစ်ဘက်ရှေ့နေတွေက ပြန်လှန်မေးရာမှာတော့ ဒီနေ့ တရားခွင်မှာ ထွက်ဆိုသော ထွက်ဆိုချက်ဟာ အတည်ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ထွက်ဆိုချက်တွေကတော့ အခင်းဖြစ်ရာအချိန်က VVIP စင်ပေါ်မှာ သူနဲ့ အတူ တရားစွဲဆိုခံရသူ ၃ ဦးပါ ရှိနေပြီး ကခုန်နေကြောင်း၊ ခဏကြာတော့ စင်ပေါ်က ဝုန်းဒိုင်းအသံတွေကြားတော့ ကြောက်လန့် တကြား ပြေးဆင်းခဲ့ကြကြောင်းနဲ့ အဲဒီ အသံတွေ ကြားရာဆီကို သူတို့ လေးဦးစလုံး မသွားခဲ့ကြဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ စက်တင်ဘာလ  ၁ ရက်နေ့ကို ချိန်းဆိုထားပြီး နောက်ဆုံး ကျန်ရှိနေတဲ့ ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးရင်တော့ တရားစွဲဆိုခံရသူ ၃ ဦးကို ဆက်လက်စစ်ဆေးသွားဖို့ ရှိပါတယ်။ သတင်း - နူးရာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013