အင်္ဂပူမြို့နယ် လယ်ဧက ၈၀ ခန့်တွင် နှံစုပ်ပိုးကျပြီး စပါးများ ပျက်စီး
DVB
·
August 23, 2020
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ သဘော့ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ခင်းအချို့ကို နှံစုပ်ဂျပိုး ခေါ် နှံစုပ်ပိုးကျပြီး စပါးတွေ ပျက်စီးနေလို့ လယ်သမားတွေ အခက်တွေ့နေကြရပါတယ်။
နှံစုပ်ပိုးဟာ စပါးခင်းတွေ စပြီး သီးနှံထွက်စမှာ စုပ်ယူစားသုံးတာတွေကြောင့် စပါးသီးနှံတွေဟာ အောင်မြင်ဖြစ်ထွန်းနိုင်ခြင်း မရှိတော့ပါဘူး။ လက်ရှိမှာ နှံစုပ်ပိုးတွေကြောင့် သဘော့ကျေးရွာမှာတော့ မိုးစပါးအဦးဆုံး ထွက်မယ့်လယ်မြေဧက ၈၀ လောက်ကို ပိုးများ ကျရောက်နေပါတယ်။
ပိုးသတ်ဆေးပေါင်းစုံ ဖျန်းပက်ပေမဲ့ ပိုးတွေက သေဆုံးပျောက်ကွယ်တာမျိုးလည်း မရှိဘူးလို့ သဘော့ကျေးရွာနေ ဦးဆန်းနိုင်က ပြောပါတယ်။
“မနှစ်က အတော်လေး ဆုံးရှုံးရတယ်။ ခုကျနေတဲ့ ပိုးတွေကို မထိန်းနိုင်ရင် ကျနော်တို့ သဘော့ကနေစပြီး မဲဇလီကုန်းဒေသ အင်္ဂပူတမြို့နယ်လုံး ပျံ့နှံ့ပြီး စပါးတွေ ပျက်စီးမှာကို ကျနော် သေချာပြောနိုင်တယ်။ အဲဒါကြောင့်မို့ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး ဘယ်လို ပိုးသတ်ဆေးဖျန်းရမယ်ဆိုတာ ကူညီပေးစေချင်ပါတယ်။”
အင်္ဂပူမြို့နယ်မှာ မိုးစပါးစိုက်ဧက ၁ သိန်းကျော်ခန့်ရှိပြီး သက်ငယ်စပါး မနောသုခအုပ်စု၊ သက်လတ်စပါးဧရာမင်းအုပ်စုနဲ့ သက်ကြီးစပါး ကောက်ကြီးအုပ်စုဆိုပြီး စပါးတွေ စိုက်ပျိုးကာ ၁ ဧက ပျှမ်းမျှ ၇၅ တင်းနဲ့ ၉၀ ကျော်ကြား ထွက်ရှိပါတယ်။
ခုလို စပါးဖျက်ပိုး ကျရောက်ပြီး တဆင့်ပြီးတဆင့် တမြို့နယ်လုံး ပိုးပျံ့နှံ့ကူးစက်မှာကို လယ်သားတွေက စိုးရိမ်နေကြရပြီး နိုင်ငံတော်က ဘယ်လို ပိုးသတ်ဆေးမျိုး သုံးရမယ်ဆိုတာ ကွင်းဆင်း စစ်ဆေးပေးစေချင်တယ်လို့ ဆိုပါတယ်။
အင်္ဂပူမြို့နယ်၊ သဘော့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက “မနှစ်ကတော့ သိတာ နောက်ကျခဲ့လို့ပါ။ ခုနှစ်တော့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် တိုင်းအစိုးရက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး စိုက်ပျိုးရေးမှူးတို့ကို စာတင်ပြီး အကူအညီတောင်းခံဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
နှစ်စဉ် ဧရာဝတီတိုင်းအတွင်းမှာ ရေကြီးနစ်မြုပ်တာတွေနဲ့ သီးနှံဖျက်ပိုးတွေ ကျနေတာတွေကြောင့် လယ်မြေဧက ၅၀၀၀၀ ဝန်းကျင် ပျက်စီးနေတာပါ။
အများဆုံးကတော့ နှံစုပ်ပိုး၊ ရွက်ဖျက်ပိုးနဲ့ ဒီရေအဝင်အထွက်ရှိတဲ့ ဒေသတွေမှာတော့ ခရုတွေ အကျများပြီး သီးနှံတွေ ပျက်စီးနေကြတာပါ။ သီးနှံပျက်စီးမှုတွေကိုတော့ မြို့နယ်စိုက်ပျိုးရေးက စာရင်းပြုစုပြီး နှစ်စဉ် ၁ ဧက မျိုးစပါးဝယ်ယူဖို့ သုံးသောင်းခန့် ပြန်လည်ပေးအပ်ကြပါတယ်။