ရခိုင်တွင် ဆန္ဒအလျောက် တာဝန်ထမ်းမည့် ကျန်းမာရေးဝန်ထမ်းများ စစ်တွေရောက်ရှိ
DVB
·
August 23, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ကြဖို့ ဆန္ဒအလျောက်စာရင်းပေးပြောင်းရွှေ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒီနေ့ အထူးလေယာဉ်နဲ့ စစ်တွေကို ရောက်ရှိသွားပါတယ်။
ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ၁ ယောက်၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ယောက်၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) ၃ ယောက်၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) ၁ ယောက်၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) ၁ ယောက်၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) ၁ ယောက်၊ လက်ထောက်ဆရာဝန် ၁၃ ယောက်၊ သူနာပြုဆရာအုပ်ကြီး ၁ ယောက်၊ အထက်တန်းသူနာပြု ၁ ယောက်နဲ့ သူနာပြု ၁ ယောက်တို့ ဖြစ်ပါတယ်။
အဲဒီလေယာဉ်နဲ့အတူ ရခိုင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေအတွက် ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေလည်း ပို့ပေးခဲ့ပါတယ်။
စစ်တွေ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းကနေ အောင်မြင်ခဲ့တဲ့ သူနာပြု ၅၆ ယောက်ကိုလည်း သြဂုတ် ၂၁ ရက်ကပဲ ရခိုင်ပြည်နယ်မှာ တာဝန်ချထားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၄၈ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။