ရခိုင်တွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများ ရှိနေဟု ကျန်းမာရေးဝန်ကြီးပြော
DVB
·
August 22, 2020
ရခိုင်ပြည်နယ်က ပြည်သူတွေအကြား ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူတွေရှိနေမှာ သေချာပြီး ကူးစက်တာကလည်း အင်မတန်မြန်ဆန်တယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
ဒီနေ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး သြဂုတ် ၁၆ ရက်ကနေ ၅ ရက်တာ ကာလအတွင်း လူနာသစ် ၄၅ ယောက်တွေ့ထားရပြီလို့ ဆိုပါတယ်။
ပြီးတော့ စစ်တွေမှာဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇ ပြောင်းလဲနေတဲ့ အမျိုးအစားဖြစ်နိုင်တာကြောင့် ဆေးသုတေသနဦးစီးဌာနမှာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတာကို အမြန်ဆုံး ထိန်းချုပ်ဖို့နဲ့ တခြားဒေသတွေကို မကူးစက်စေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ အစိုးရ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်တွေနဲ့ မြောက်ဦးမြို့တို့မှာ လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူတွေအပါအဝင် တိုက်ရိုက် ထိတွေ့မှု မရှိခဲ့သူတွေဆီမှာလည်း ရောဂါကူးစက်ခံထားရတာကို အတည်ပြုတွေ့ထားရပြီး လူနာတွေ သွားလာထိတွေ့ခဲ့တဲ့ ရန်ကုန်၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်တို့မှာ ထိတွေ့ပတ်သက်ခဲ့သူတွေကို အသွားအလာကန့်သတ်ထားပါတယ်။