Mask များ ဈေးအဆမတန်မြှင့်တင်ရောင်းမှု စားသုံးသူရေးရာဦးစီးဌာန သတိပေး
DVB
·
August 22, 2020
နှာခေါင်းစည်း (Mask) တွေကို ဈေးအဆမတန်မြင့်တင်ရောင်းချလို့ တိုင်ကြားခံရတဲ့ ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးပြီး သတိပေး တားမြစ်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက DVB ကို ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း ဝယ်လိုအား မြင့်တက်လာတဲ့အပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေ ရှိလာပါတယ်။
ပုံမှန်ဈေးကွက်အတွင်းမှာ နှာခေါင်းစည်း အခု ၅၀ ပါ တစ်ဘူးကို ကျပ် ၁၈၀၀၊ ၂၀၀၀ ဝန်းကျင်မှာ ရောင်းချကြပေမဲ့ သြဂုတ် ၂၁ ရက်နေ့ကနေစတင်ပြီး တစ်ဘူးကို ၃၅၀၀ ကနေ ၈၀၀၀ ကျပ်ထိ ဈေးမြှင့်တင်ရောင်းချလာကြတာပါ။
ဒီလိုရောင်းချမှုတွေနဲ့ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနကို စတင်ပြီး တိုင်ကြားမှုတွေ ရှိလာတာပါ။
နှာခေါင်းစည်း (Mask) အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာ၊ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေကို အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ တားမြစ်ထားတာ ဖြစ်ပါတယ်။ ဖျောက်ဖျက်ကျူးလွန်ပါက ဥပဒေအရ တရားစွဲဆို အရေးယူခံရမှာဖြစ်ပြီး ထောင် ၃ နှစ်အထိ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နှာခေါင်းစည်း (Mask) တွေကို ဈေးကွက်ချုပ်ကိုင်ပြီး ဈေးကစားပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်ပေမဲ့ ဈေးကွက်အတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝယ်လိုအား ရောင်းလိုအားပေါ် မူတည်ပြီး ဈေးတင်ရောင်းချမှုမျိုးကိုတော့ သတိပေး တားမြစ်သွားမယ်လို့ သိရပါတယ်။