ရခိုင်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ တရက်ကို လူ ၁၂ ဦးသာ စစ်ပေးနိုင်
DVB
·
August 22, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတဲ့စက် ၂ လုံးရှိပြီး တရက်ကို လူ ၁၂ ဦးထိသာ စစ်ဆေးနိုင်တာကြောင့် သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ စစ်ဆေးနေရတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်တွေမှာက စစ်လို့ရတာ နည်းတယ်၊ ဆရာတို့ အဓိကရန်ကုန်ကိုပဲ ပို့စစ်နေတယ်။ အခုကတော့ ၂ လုံးရပြီ၊ ဆရာတို့ ဒီမှာ စစ်တာတွေလည်း စစ်တယ်။ ရန်ကုန် NHL ကို လေယာဉ်နဲ့ ပို့တာတွေလည်းပို့တယ်၊ စက်ကြောင့်ပေါ့၊ ၁၂ ယောက်ထိ စစ်လို့ရပြီ” လို့ ပြောပါတယ်။
သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦး တွေ့ရှိခဲ့ပြီး မြောက်ဦးမှာ ၁ ဦး တွေ့ရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ပြည်ပခရီးသွားရာဇဝင်မရှိဘူးလို့ သိရပါတယ်။