စစ်တွေဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၁၈ ဦးနှင့် စောင့်ကြည်လူနာ ၁၁ ဦးအထိ ရှိလာ
DVB
·
August 21, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လက်ရှိ ကိုဗစ်-၁၉ လူနာ ၁၈ ဦးနဲ့ စောင့်ကြည်လူနာ ၁၁ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
စစ်တွေမြို့ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က "မနေ့ကအထိ ကျနော်တို့ စစ်တွေဆေးရုံမှာ Positive လူနာ ၉ ဦးရှိတယ်။ ဒီနေ့ ရခိုင်ပြည်နယ်မှာ Positive လူနာ ၁၀ ဦးမှာ ၁ ဦးက မြောက်ဦးမြို့က၊ ၉ ဦးက စစ်တွေက။ မနေ့ကနဲ့ ယနေ့ ပိုးတွေ့တဲ့သူ ၁၃ ဦးလုံးက ပထမ ပိုးတွေ့လူနာ CB ဘဏ်ဝန်ထမ်းနဲ့ ထိတွေခဲ့သူတွေမှတဆင့် ကူးစက်လာတာဖြစ်တယ်။ တနည်းပြောရင် secondary contact တွေပါ။ ဘဏ်ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပေါ့။ အခု သူတို့ကို ဆေးရုံကြီးကို လူနာတင်ကားတွေနဲ့ သယ်ယူနေကြတယ်။ လူနာတွေကတော့ အားလုံးကျန်းကျန်းမာမာပါ” လို့ အတည်ပြုပြောကြားပါတယ်။
သြဂုတ် ၁၆ ရက်နေ့မှာ CB ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး နောက် သြဂုတ် ၁၆ ရက်မှ ၂၁ ရက်နေ့အထိ ၅ ရက်အတွင်း ရခိုင်ပြည်နယ်မှာ လူနာ ၁၉ ဦးရှိလာတာ ဖြစ်ပါတယ်။
သြဂုတ် ၂၀ နေ့က စစ်တွေမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦး၊ သြဂုတ် ၂၁ ရက်နေ့က ၉ ဦးနဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၃ ဦး ရောဂါပိုးတွေ့ရှိခဲ့တာပါ။
လူ ၇၀ လောက်ကို စစ်ဆေးရာမှ ၁၃ ဦး ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် ၆၀ စစ်ဆေးထားတာ ဒီနေ့ညနေပိုင်း အဖြေသိရမယ်လို့ စစ်တွေခရိုင် ကျန်းမာရေးဌာနက သိရပါတယ်။
သတင်း - လင်းလက်