ချင်းတွင်းမြစ်ရေ မြင့်လာသဖြင့် စစ်ကိုင်းတိုင်းအတွင်း ရေယာဉ်များ ၄ ရက်ကြာ ရပ်နားမည်
DVB
·
August 20, 2020
အခုရက်ပိုင်းအတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် စစ်ကိုင်းတိုင်း မြစ်အတွင်းမှာ ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ဩဂုတ် ၂၁ ရက်နေ့ကစတင်ပြီး ၄ ရက်ကြာ ရပ်နားသွားမယ်လို့ သိရပါတယ်။
အခုလို ရပ်နားရတာဟာ ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့နဲ့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ရှိထားတာကြောင့်လို့ မုံရွာမြို့နယ် ရေယာဉ်များစနစ်တကျကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
"ခရီးသည်တွေဘေးကင်းစေဖို့နဲ့ တိုင်းအစိုးရက မုံရွာမြို့မှာ မြစ်ရေ ၉၈၀ စင်တီမီတာရောက်ရင် ရေယာဉ်တွေ ရပ်နားထားဖို့ ညွှန်ကြားထားပါတယ်။ အခုဆိုရင် မုံရွာမြို့မှာ ၉၃၆ စင်တီမီတာရောက်ရှိနေပြီဖြစ်တဲ့အတွက် အစည်းဝေးလုပ်တော့ မိုး/ဇလဗေဒရဲ့ တိုင်းထွာချက်အရ မြစ်ရေဟာ ၁ နာရီကို ၁ စင်တီမီတာတက်နေတဲ့အတွက် အခုလို ရပ်နားလိုက်တာပါ။"
အခုရက်ပိုင်းအတွင်း ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးသန်ခြင်း၊ ရေကြောင်းများပြောင်းလဲလာခြင်းနဲ့ ဝဲကတော့များကြီးမားလာခြင်းတို့ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အောင်စိုးမိုးကျော်အမြန်ရေယာဉ်ဂိတ်မှူး ဦးမျိုးမြင့်က "လတ်တလောမှာ ခရီးသည်က ပါးတော့ အခက်အခဲတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ခရီးသည်တွေ ဘေးကင်းဖို့ဆိုတာ အဓိကပါ။ တချို့ရွာတွေက ကားလမ်းပေါက်တော့ ကားနဲ့သွားလို့ရတယ်။ ကားလမ်းမပေါက်ဘဲ ရေလမ်းပဲရှိတဲ့ ရွာတွေကတော့ အခက်ခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေမှာ စိုးရိမ်ချိန်ရေအမှတ် ကျော်လွန်နေပြီး မုံရွာမြို့မှာ စိုးရိမ်ချိန်ရေအမှတ် ၁၀၀၀ စင်တီမီတာရှိရာ ဩဂုတ် ၁၉ ရက်နေ့မှာ ၉၃၆ စင်တီမီတာရောက်ရှိနေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ခရီးသည်တင်ရေယာဉ် ၄၆ သင်း၊ အစီးရေ ၃၄၆ စင်းနဲ့ ကုန်တင်ရေယာဉ် ၁၉ သင်း၊ အစီးရေ ၆၀၄ စင်းရှိတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး