ကျပ်သန်း ၃၀၀၀၀ ကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ကျိန္တလီမြို့တွင် ဖမ်းဆီးရမိ
DVB
·
August 19, 2020
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့မှာ ငွေကျပ်သန်းပေါင်း ၃၀၀၀၀ ကျော် တန်ဖိုးရှိတဲ့ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်ဆီးရမိခဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား မလေးရှားပိုင်ရေပြင်ကို ပို့ဆောင်မှာ ဖြစ်တယ် ပြည်ထဲရေးဌာနက သတင်းထုတ်ပါတယ်။
ဒေသခံတွေ သတင်းပေးလာတာကြောင့် ကျိန္တလီနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက ကျိန္တလီမြို့ရဲ့ အနောက်တောင်ဘက် ၂ မိုင်လောက်အကွာ မောင်းဒေါက်ချောင်းဝနားမှာ ရပ်ထားတဲ့ စက်လှေကို ရှာဖွေရာကနေ စက်လှေထဲမှာ ဆာလာအိတ် ၆၁ အိတ်နဲ့ ထည့်ထားသည့် အိုက်စ် (မက်အဖက်တမင်း) ကီလို ၁၃၈၀ ကို သိမ်းဆည်းမိခဲ့တာပါ။
ရဲတွေစက်လှေဆီကို သွားနေတုန်း စက်လှေပေါ်က အမျိုးသား ၅ ယောက် ခုန်ချထွက်ပြေးသွားခဲ့လို့ ကျိန္တလီမြို့တွင်းနဲ့ သံတွဲ-ကျိန္တလီသွား ကားလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေးခဲ့ရပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ သံတွဲ-ကျိန္တလီကားလမ်းပေါ်မှာ သွားနေတဲ့ ကားတစီးပေါ်ကနေ ကျော်မိုးဆွေ၊ ဖြိုးမင်းအောင်၊ စန်းလင်းနဲ့ ထွန်းထွန်းဝင်းတို့ကို ဖမ်းဆီးရမိပြီး ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာတော့ ဂွမြို့နယ် စမ်းချောင်းရွာနားမှာ မောင်ပု(ခ) လှငွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့ကို စစ်ဆေးချက်အရ ဒီပစ္စည်းတွေကို သံတွဲမြို့နယ် ကင်းမော်ရွာနားမှာ စက်လှေတစီးပေါ်ကနေ လွှဲပြောင်းယူခဲ့ပြီး မလေးရှားနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံအကြား မလေးရှားပိုင်ရေပြင်ကိုသွားနေတုန်း ပင်လယ်ထဲမှာ လှိုင်းလေပြင်းထန်နေတာကြောင့် ကျောက်ချ ရပ်နားနေတာလို့ ဆိုပါတယ်။
ဓာတ်ပုံ- MOHA