Homeမြန်မာသတင်း
ရန်ကုန်ရှိ ဘာသာပေါင်းစုံ ဝတ်ပြုဘုရားကျောင်းများကို သတ်မှတ်ချက်နှင့်အညီ ပြန်ဖွင့်ရန်ပြင်ဆင်
ရန်ကုန်ရှိ ဘာသာပေါင်းစုံ ဝတ်ပြုဘုရားကျောင်းများကို သတ်မှတ်ချက်နှင့်အညီ ပြန်ဖွင့်ရန်ပြင်ဆင်
DVB
·
August 17, 2020
ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီနဲ့ ဟိန္ဒူဝတ်ပြုကျောင်းတွေကို ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ဖို့ သြဂုတ်လ ၁၆ ရက်နေ့က စတင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ သာသနာရေးမှူးရုံးတွေကို ညွှန်ကြားချက် ပေးပို့ထားပါတယ်။
ဘာသာပေါင်းစုံဝတ်ပြုကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက် ၈ ချက်၊ တာဝန်ရှိသူတွေ လိုက်နာရမယ့်အချက် ၁၀ ချက်နဲ့ ဝတ်ပြုဆုတောင်းသူတွေ လိုက်နာရမယ့်အချက် ၅ ချက် စတာတွေ ပါဝင်ပါတယ်။
ခရစ်ယာန်ဘာသာဝင် အသင်းတော်တွေကလည်း တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အပေါ် ကျန်းမာရေးလမ်းညွှန်ချက်နဲ့ အညီ ပြင်ဆင်ဆောင်ရွက်သွားမယ်လို့။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာချစ်မျိုးက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆောင်မှာ ပုံမှန်လာရောက်ဝတ်ပြုသူတွေ များပြားလေ့ရှိတာကြောင့် ဝတ်ပြုကိုးကွယ်ဖို့အတွက် ကိုဗစ်ကျန်းမာရေးနဲ့ အညီ လက်ဆေးကန်နဲ့ Mask တွေ ပြင်ဆင်ထားတာ၊ ၆ ပေအကွာအဝေး သတ်မှတ်တာ၊ အပူချိန် တိုင်းတာတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပန်းဘဲတန်းမြို့နယ် ရန်ကုန်ကျူလီယာဗလီ ဥက္ကဋ္ဌ ဦးအောင်သိန်း ကပြောပါတယ်။
ဟိန္ဒူဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းတွေကတော့ ဝတ်ပြုကိုးကွယ်သူတွေက ပုံမှန် လူနည်းနည်းနဲ့ လာရောက်ဝတ်ပြုလေ့ရှိပါတယ်။ အခုလို တိုင်းအစိုးရရဲ့ လူ ၃၀ ထက်လူပိုမစုရ အမိန့်ညွှန်ကြားချက်အရ ဝတ်ပြုကိုးကွယ်ရာမှာ အခက်အခဲတစ်စုံတရာ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အစိုးရညွှန်ကြားထားတဲ့အတိုင်း မလိုက်နာတဲ့ ဝတ်ပြုကျောင်းတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဆိုင်ရာအဖွဲ့ချုပ်အနေနဲ့ နောက်ပိုင်းမှ ဘုရားပွဲတော်ကျင်းပခွင့်အတွက် ထောက်ခံစာ မပေးတာတွေ ရှိနိုင်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် စရီမာရီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း ဥက္ကဋ္ဌ ဦးရာဂူနေမြင့်က ပြောပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအနေနဲ့ ဘာသာပေါင်းစုံဝတ်ပြုကျောင်းတွေက ဥပုသ်သီလဆောက်တည်တာနဲ့ ဝတ်ပြုဆုတောင်းရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါကခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း- နန့်ခိုင်