Homeမြန်မာသတင်း
ငြိမ်းချမ်းရေးဆောင်ရွက်နေသူများ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားကိုကြည့်ရန် တိုက်တွန်း
ငြိမ်းချမ်းရေးဆောင်ရွက်နေသူများ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားကိုကြည့်ရန် တိုက်တွန်း
ဇေယျာချမ်းအေး
·
August 17, 2020
ငြိမ်းချမ်းရေးဆောင်ရွက်သူတွေအနေနဲ့ ပြည်ထောင်စုတစ်ခုလုံးရဲ့အကျိုးစီးပွားကို ကြည့်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ မတိုင်ခင်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJCအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် MIC ခန်းမ တစ်မှာ ကျင်းပနေတာမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အပေးအယူ အလျှော့အတင်း လုပ်နိုင်စွမ်းမရှိဘူးဆိုရင် UPDJCရဲ့ အနှစ်သာရဟာ အချီးနှီးပဲ ဖြစ်နေမှာပါ။ မတူညီတဲ့အစုအဖွဲ့တွေကို ကိုယ်စားပြုရတာဖြစ်တဲ့အတွက် မတူကွဲပြားရှိနေကြတာက သဘာဝပါပဲ။ စိတ်ရှည်မှု သီးခံမှုတွေနဲ့ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားအားလုံးရဲ့အကျိုးစီးပွားကို ရှေးရှုနိုင်ကြဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ သန္နိဋ္ဌာန်ခိုင်မာဖို့လိုပါတယ်”လို့ တိုက်တွန်း ပါတယ်။
ဒီနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။
စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း ၃ ကို လက်မှတ်ထိုးဖို့ အကြိုသဘောတူညီမှု ရထားပါတယ်။