ဒေးဒရဲမြို့က ကျောင်းဆရာအမှု အကြိမ် ၅၀ မြောက်ရုံးထုတ်စစ်ဆေး
DVB
·
August 15, 2020
ကျောင်းမြေ လန ၃၉ လိမ်လည် လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် လေးကျေးရွာက ကျောင်းဆရာအမှုကို ဩဂုတ် ၁၄ ရက်က အကြိမ် ၅၀ မြောက်ရုံးထုတ်ပြီး စွပ်စွဲခံရသူ ကျောင်းဆရာကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
လာရောက်တရားရင်ဆိုင်တဲ့ ကျောင်းဆရာက “သူများလယ်ကို ကိုယ့်လယ်မဟုတ်ဘဲ လိမ်လည်ပြီးတော့ လျှောက်တယ်ဆိုပြီး တရားစွဲခံရတာပါ။ ဒီနေ့တော့ ဦးကို စစစ်ပါတယ်။ လက်ရှိ အဲဒီမြေပေါ်မှာလည်း ကျောင်းဆောင် ရှိပါတယ်။ ရုံးချိန်းကတော့ ၅၀ ရှိပါပြီ။”လို့ ပြောပါတယ်။
သက်သေ ၅ ဦး တင်သွင်းသွားမှာဖြစ်ပြီး အမှုကိုတော့ ရှေ့နေကို ပါဝါလွှဲထားပြီး ဆက်လက်ရင်ဆိုင် ဖြေရှင်းသွားမယ်လို့လည်း ပြောပါတယ်။
လာမယ့် ၅၁ ကြိမ်မြောက် ရုံးချိန်းကို ဩဂုတ် ၁၈ ရက် ပြန်လည်ချိန်းဆိုထားပြီး ကျောင်းဆရာကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဒီအမှုကို ၂၀၁၈ သြဂုတ် ၂ ရက်က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ဇွန် ၁၈ ရက်မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။
လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီဝင် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရား တရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ သြဂုတ် ၁၂ ရက်နေ့က ပညာရေးဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)