အမ်းမြို့နယ်၌ တပ်မတော်ကဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
August 14, 2020
ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က အမ်းပြည်သူ့ဆေးရုံကို သင်တန်းတက်ဖို့သွားတဲ့ ကျန်းမာရေး ဝန်ထမ်း ၃ ဦးကို တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးသွားပြီး ၂ ဦးမှာပြန်လွတ်လာပေမဲ့ ကျန်တဦးဖြစ်တဲ့ ကိုကျော်မင်းထွန်း ပြန်လွတ်မလာသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။
တပ်က ဖမ်းဆီးထားတဲ့ ကိုကျော်မင်းထွန်းကို ဒီကနေ့အချိန်ထိ အဆက်အသွယ်မရရှိလို့ အရမ်းစိုးရိမ်နေတယ်လို့ အစ်မဖြစ်သူဒေါ်ခင်ချေက ပြောပါတယ်။
“ဖမ်းဆီးသွားကတည်းက ကျမတို့နဲ့ လုံးဝ အဆက်အသွယ်မရတော့ပါ။ အဆက်အသွယ်မရလို့ အရမ်းကို စိုးရိမ်ပူပန်နေရပါတယ်။ ဖမ်းဆီးသွားတာ ဒီကနေ့ဆိုရင် ၅ ရက်ကြာသွားပါပြီ။ ကျမတို့မိသားစု အရမ်းခံစားနေရပါတယ်။ ကျမ မောင်က အစိုးရဝန်ထမ်းတစ်ယောက်ပါ။ သူ့မှာဘာမှ အပြစ်မရှိပါဘူး။ သူ့ကို အရမ်းတွေ့ချင်နေပါတယ်”လို့ ပြောပါတယ်။
ကိုကျော်မင်းထွန်းဟာ ရသေ့တောင်မြို့နယ် ရိုးဆိပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုစည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ကျနေတာဖြစ်ပါတယ်။
သြဂုတ် ၉ ရက်က ကိုငြိမ်းလင်းဇော်၊ ကိုကျော်မင်းနိုင်တို့နဲ့အတူ အမ်းပြည်သူ့ ဆေးရုံကို သင်တန်းတက်ဖို့သွားစဉ် လမ်းမှာ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က တပ်မတော်က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
လွတ်မြောက်လာသူနှစ်ဦးကတော့ သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကြတဲ့ ကိုငြိမ်းလင်းဇော် ၂၄ နှစ်နဲ့ သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူ ကိုမင်းကျော်နိုင်(၂၈နှစ်)တို့ ဖြစ်ကြပါတယ်။
သြဂုတ် ၉ ရက်ညနေ ၄ နာရီလောက်က မအီမှ အမ်းလက်ကိုမောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို စစ်ဆေးခဲ့စဉ် ကျော်မင်းထွန်းမှာ အေအေနဲ့ ဆက်သွယ်မှု မှတ်တမ်းတွေ အထောက်အထားအချက်အလက်တွေပါရှိတဲ့ SAMSUNG အမျိုးအစားဖုန်းအတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့တပ်မတော် သြဂုတ် ၁၃ ရက်နေ့ သတင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သူ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမ်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူ ထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။