ဝမ်းတွင်းမြို့နယ်၌ အုတ်ဖိုကန်ပျက်စီးပြီးထွက်လာသည့်ရေကြောင့် သီးနှံ ဧက ၅၀ ပျက်စီး
DVB
·
August 13, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ဘန်းရွာမှာ သြဂုတ် ၁၁ ရက်က အုတ်ဖိုကန်ပြင်ပြီး ၆ လအကြာမှာ ကန်ပျက်စီးသွားတဲ့အတွက် ထွက်တဲ့ရေကြောင့် ယာသီးနှံ ဧက ၅၀ကျော် ပျက်စီးသွားတယ်လို့ ခင်ဘန်းရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ခင်ဘန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က "ရွာမှာ အုတ်ဖိုကန် ရှိတာကြာပြီ ၂၀၂၀ ဘတ်ဂျက်နဲ့ လာပြင်တယ်။ ဖေဖော်ဝါရီလက ကန်ကြီးပြင်ပြီးတယ်၊ သြဂုတ်လထဲ မိုး ၃ရက် ဆက်တိုက်ရွာတော့ ကန်ကျိုးတယ်။ ရေကျော်လုပ်ထားတာက ကန်တွင်းမြေထက် နိမ့်နေတော့ ကန်ထဲမှာ ရေမလှောင်နိုင်ပဲ ရေတွေတောက်လျှောက် ထွက်တယ်။ အဲရေကျော်က ရေတွေကို ဘယ်လိုသွားမယ်ဆိုတာ ရေလမ်းမရှိဘူး။ ယာခင်းတွေထဲ ရေတွေရောက်လာပြီး ယာသီးနှံ ဧက ၅၀ ကျော် ပျက်သွားတယ်။ ကန်ကျိုးတာတော့ ချက်ချင်းလာပြင်တယ် ကျန်တာတော့ ဘာမှ လုပ်မပေးဘူး"လို့ ပြောပါတယ်။
အရင်ကတော့ ခင်ကြီးရွာက မင်းဉာဏ်ကန်ထဲကို ခင်ဘန်းရွာအုတ်ဖိုကန်က ရေစုပြီး ရေလွှဲပေးရပါတယ်။ ကန်တွေပြင်ထားပေမယ့် မင်းဉာဏ်ကန်ထဲကို အုတ်ဖိုကန်ရေကျော်က ရေဝင်လမ်းမရှိလို့ ရေဝင်လမ်းလုပ်မပေးလို့ ရေမဝင်ပါဘူး။
အုတ်ဖိုကန်ရေကျော်က ရေတွေက ရေမြောင်းနဲ့ မသွားပဲ မိုးရွာလို့ ဝင်လာသမျှရေတွေ စိုက်ခင်းတွေထဲ ဆင်းကုန်တာပါ။ မိုးရွာတိုင်း စိုက်ခင်းတွေ ပျက်စီးမှာကို တောင်သူတွေ စိုးရိမ်နေတာပါ။
ဒေသခံတောင်သူဦးဆန်းဝင်းက "ကန်ပြင်ထားတာမှားနေတယ်၊ ကန်တွင်းမြေက မြင့်နေပြီး ကန်တွင်းမြေထက် ရေကျော်ကနိမ့်နေတယ်။ မိုးရွာတော့ ရေမထိန်းတော့ပဲ သီးနှံခင်းတွေထဲ ရေဝင် ပျက်စီးကုန်တယ်။ အဲဒါကြောင့် အမြန်ဆုံးကူညီပေးပါလို့ တောင်းဆိုချင်တာပါ"လို့ ပြောပါတယ်။
ဒေသခံတောင်သူဦးလှဝင်းက "မိုးရွာတော့ ရေကျော်က ရေတွေ ထွက်လာပြီး ကျနော်တို့ စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးကုန်တယ်။ ဘယ်ကိုဘာလုပ်ရမှန်းမသိလို့ အကူအညီ ပေးကြပါဦး" လို့ ပြောပါတယ်။
တိုင်းသေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်ကတော့ တောင်သူတွေအတွက် ကန်လုပ်ပေးတာဖြစ်ပြီး မကောင်းဘူး ပျက်နေတာဆိုရင် ပြန်ပြင်ပေးရမှာပါလို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ခင်ဘန်းရွာမှာ အိမ်ထောင်စု ၁၅၀လောက်ရှိပြီး လူဦးရေ ၆၀၀ကျော် နေထိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပြီး အုတ်ဖိုကန်ရဲ့ လှောင်နိုင်တဲ့အကျယ်က ဧက၂၀ကျော် ရှိကာ လယ်ယာဧက ၁၅၀ လောက် စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း