Home
မြန်မာသတင်း
အမ်းမြို့တွင် သင်တန်းတက်ရန်သွားသည့် ကျန်းမာရေးဝန်ထမ်း ၃ ဦး ဖမ်းဆီးခံရပြီး ၂ ဦးပြန်လွတ်
DVB
·
August 11, 2020
117529699_1674678149346432_545701642029005172_n
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်း ကိုကျော်မင်းထွန်းအပါအဝင်   ၃ ဦးကို တပ်မတော်က ဖမ်းဆီးသွားပြီး  ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။  သြဂုတ် ၉ ရက်က အမ်းမြို့ ကျန်းမာရေးဌာနက ပို့ချတဲ့ မိုဘိုင်းတက်ဘလက် သင်တန်းတက်ရောက်ဖို့ ဆိုင်ကယ်နဲ့ သွားရောက်စဉ် အမ်းမြို့အဝင်မှာ ရှိတဲ့ တပ်မတော် စစ်ဆေးရေးဂိတ်မှာ  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်တစ်နေ့မှာတော့ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ကိုကျော်မင်းထွန်းကိုတော့ အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားလိုက်တယ်လို့ ပြန်လည်လွတ်လာတဲ့ ကိုမင်းဇော်နိုင်က ပြောပါတယ်။ ပြန်လွတ်လာတဲ့ ကျန်းမာရေးဝန်းထမ်း ကိုမင်းဇော်နိုင်က “မနေ့က ကျနော်တို့ အမ်းမြို့ ကျန်းမာရေးဌာနမှာ မိုဘိုင်းတက်ဘလက်သင်တန်းတက်ဖို့ ဆိုင်ကယ်နဲ့ထွက်လာကြတယ်။ ကျနော်နဲ့ ငြိမ်းလင်းဇော်နဲ့က ဆိုင်ကယ်တစ်စီးတည်း၊ ကျော်မင်းထွန်းကဆိုင်ကယ်တစ်စီး၊ အဲဒီမှာ လာကြတော့ အမ်းကိုမရောက်ခင် တစ်မိုင် ကုန်းနားရောက်တော့ တပ်စစ်ဆေးရေးဂိတ်ကနေ ပြီးတော့ ကျော်မင်းထွန်းနာမည်နဲ့စစ်တာ၊ အဲဒီမှာသူကိုခေါ်ထားပြီး ကျနော်တို့ကို လွှတ်လိုက်ပြီး တော့ ရှေ့ကဆီဆိုင်မှာ စောင့်ခိုင်းထားလို့စောင့်နေကြတယ်။ နာရီဝက်လောက်ကြာတော့ ကျော်မင်းထွန်းဆီကဖုန်းဝင်ပြီးတော့ ကျနော်တို့ကိုပါ ခေါ်တယ်ဆိုလို့ လိုက်သွားကြတယ်။ အဲဒီကို ရောက်တော့ ကျနော်တို့ကို မိဘနာမည်တွေ၊ ရာထူးတွေကအစ အကုန်စစ်မေးကြတယ်။ ပြီးရင် အဲဒီမှာ နာရီဝက်လောက်နေတော့ ကားတစ်စီးရောက်လာပြီးတော့ ကျနော်တို့ကို သပ်သပ်တစ်စီး တင်တယ်။ ကျော်မင်းထွန်းကို တစ်စီးတင်တယ်။ ကားပေါ်ရောက်တော့ မျက်နှာတွေကို စည်းပြီးတော့ ခေါ်သွားတယ်၊ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့မသိရဘူး၊ အဲဒီမှာ အခန်း ၁ ခုထဲကို ရောက်သွားပြီးတော့ ကျနော်တို့ကို စစ်ဆေးမေးမြန်းပြီးတော့ တစ်ယောက် တစ်နေရာစီ ခွဲထားတယ်။ နောက်နေ့မနက် ၁၀ နာရီကျော်လောက်မှာ ကျနော်တို့ နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်၊ ကျော်မင်းထွန်းကိုတော့ အေအေနဲ့အဆက်အသွယ် ရှိလို့ဆိုပြီးတော့ သူတို့ကပြောလိုက်တယ်”လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်း ကိုကျော်မင်းထွန်းဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ သတင်း - နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024