လောက်ကိုင်နှင့် လွိုင်လင်တွင် ကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 10, 2020
ရှမ်းပြည်နယ် လောက်ကိုင်မြို့နဲ့ လွိုင်လင်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက သြဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လောက်ကိုင်မြို့၊ အမှတ် ၃ ရပ်ကွက်၊ စွမ်းဖုန်းလမ်းရှိဟိုတယ်အားရှာဖွေရာ လော်ချိန်ရိန်း၊ လီကျားနိမ်နဲ့ လီဖားမင်တို့ ၃ ဦးနဲ့အတူ ငွေကျပ်သိန်း ၂,၀၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။
အလားတူ လွိုင်လင်မြို့နယ်မှာလည်း ငွေကျပ်သိန်း ၂,၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းမှာ မောင်ထွန်းမောင်းနှင်ပြီး ထွန်းရွှေ၊ အူသက်ကျန်းနဲ့ ကျော်စိုး(ခ)ရိုဆန်ကူးမား(ခ) ဘီနိုကူးမားတို့ လိုက်ပါလာတဲ့ Mark II အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်အတွင်း ဘိန်းဖြူ ၇ ဒ ၄၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ မြန်မာငွေ ၂၈၅,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့သူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။